
ယခုနှစ် အမေရိကန် သက်တမ်းဝက်ရွေးကောက်ပွဲများတွင် ရီပတ်ဘလီကန်ပါတီ အကြီးအကျယ် ရှုံးနိမ့်ခဲ့ပြီးနောက် အဆိုပါ ရွေးကောက်ပွဲအတွက် ငွေကြေးအများအပြား သုံးစွဲခဲ့မိသည့်အပေါ် မိုက်မဲရာကျသလို ခံစားရကြောင်း အီလွန်မာ့စ်က နိုဝင်ဘာ ၁၈ ရက်တွင် ပြောကြားလိုက်သည်။
Tesla နှင့် SpaceX တို့၏ အမှုဆောင်အရာရှိချုပ်ဖြစ်ပြီး ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်သည့် အိလွန်မာ့စ်သည် ရီပတ်ဘလီကန် ကိုယ်စားလှယ်လောင်းများကို ထောက်ခံရန်နှင့် ၎င်း၏ Tesla ကားကုမ္ပဏီ ၊ ဒုံးပျံနှင့် AI ကုမ္ပဏီ ဖြစ်သည့် SpaceX အပြင် ယင်းကုမ္ပဏီနှစ်ခု ပူးပေါင်းလုပ်ဆောင်ရန် စီစဉ်ထားသည့် ချစ်ပ်ပြားထုတ်လုပ်ရေး လုပ်ငန်းတို့ အခြေစိုက်သည့် တက္ကဆက်ပြည်နယ်ကို ရီပတ်ဘလီကန်ပြည်နယ်အဖြစ် ဆက်လက်ထိန်းသိမ်းထားနိုင်ရန် ဒေါ်လာ သန်း ၅၀၀ နီးပါး သုံးစွဲခဲ့သည်။
သို့သော် ဒီမိုကရက်ပါတီက လွှတ်တော်နှစ်ရပ်စလုံးကို သိမ်းပိုက်နိုင်ခဲ့သည့်အပြင် တက္ကဆက်ပြည်နယ် အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲတွင်လည်း ဒီမိုကရက်တစ်ပါတီမှ ဂျီနာ ဟီနိုဂျိုဆာက ရီပတ်ဘလီကန်ပါတီမှ ဂရက် အက်ဘော့ကို အနိုင်ရရှိသွားခဲ့သည်။
ထို့ကြောင့် အီလွန်မာ့စ်၏ အရင်းနှီးဆုံးမဟာမိတ်ဖြစ်သည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် အတွက် ပြင်းထန်သည့် ထိုးနှက်ချက်တစ်ခုဖြစ်လာခဲ့ပြီး အဆိုပါ ရွေးကောက်ပွဲ အသုံးစရိတ်များမှာလည်း အချည်းနှီး ဖြစ်သွားခဲ့ရသည်။
"ငွေတွေ ဒီလောက်အများကြီး သုံးစွဲခဲ့ပြီး ဘာအကျိုးရလဒ်မှ ပြန်မရလိုက်တဲ့အပေါ် တော်တော်လေး မိုက်မဲရာကျသွားသလို ခံစားရပါတယ်" ဟု အီလွန်မာ့စ်က နိုဝင်ဘာ ၁၈ ရက်က ကျင်းပသည့် New York Times DealBook ထိပ်သီးအစည်းအဝေးတွင် အွန်လိုင်းမှတစ်ဆင့် မိန့်ခွန်းပြောကြားစဉ် ထည့်သွင်းပြောကြားခဲ့သည်။
ယင်းကဲ့သို့ ငွေကြေးသုံးစွဲမှု မရှိခဲ့ပါက ရီပတ်ဘလီကန် ကိုယ်စားလှယ်လောင်းများအနေဖြင့် ယခုထက်ပင် ပိုမိုဆိုးရွားစွာ ရှုံးနိမ့်နိုင်ခြေရှိသော်လည်း မဲဆွယ်စည်းရုံးရေး ရန်ပုံငွေ တစ်ခုတည်းဖြင့် ရွေးကောက်ပွဲ ရလဒ်ကို အဆုံးအဖြတ် မပေးနိုင်ကြောင်း ယခုရလဒ်က သက်သေပြလိုက်ခြင်း ဖြစ်သည်ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
"အချိန်ကိုသာ နောက်ပြန်ဆုတ်လို့ ရမယ်ဆိုရင်တော့ ကျွန်တော် ငွေကို လျှော့သုံးဖြစ်မှာပါ" ဟု ၎င်းက ဆိုသည်။
၎င်း၏ ကိုယ်ပိုင် AI ရည်မှန်းချက်များနှင့်ပတ်သက်ပြီး ပြောကြားရာတွင် မာ့စ်က Anthropic ကုမ္ပဏီသည် SpaceX ထံမှ ကွန်ပျူတာ စွမ်းဆောင်ရည်ကို ဆက်လက်ငှားရမ်း အသုံးပြုရန် အလွန်ဖြစ်နိုင်ခြေများပြီး သိသိသာသာ ပိုမိုလိုအပ်နေကြောင်း ပြောကြားခဲ့သည်။
ဖြစ်နိုင်ခြေ အမြင့်ဆုံး ရလဒ်မှာ Anthropic အနေဖြင့် SpaceX ထံမှ နောက်ထပ် ကွန်ပျူတာ စွမ်းဆောင်ရည် ၁၀ ဂဂ္ဂါဝပ် ထပ်မံတောင်းခံရန် ရှိနေခြင်းပင် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
Ref: Reuters