၁၉.၁၁.၂၀၂၆
Translated by Htwe Ko Tun
အမေရိကန် အောက်လွှတ်တော်ရှိ ဒီမိုကရက်တစ်ပါတီဝင်များက လူမည်း ဥပဒေပြုအမတ်ဖြစ်သော ဟာကင်းမ် ဂျက်ဖရီ (Hakeem Jeffries) ကို လွှတ်တော်ဥက္ကဋ္ဌအဖြစ် နိုဝင်ဘာလ ၁၈ ရက်က တရားဝင် အမည်စာရင်းတင်သွင်းလိုက်ပြီဖြစ်ကြောင်း သိရသည်။ ဤအချက်ကြောင့် ၎င်းသည် အောက်လွှတ်တော်ကို ဦးဆောင်မည့် ပထမဆုံး လူမည်းဖြစ်လာနိုင်မည့် လမ်းကြောင်းပေါ်သို့ ရောက်ရှိလာခဲ့သည်။
အောက်လွှတ်တော်သက်တမ်း စတင်မည့် လာမည့် ဇန်နဝါရီလ ၃ ရက်တွင် ဥက္ကဋ္ဌသစ်ကို ရွေးချယ်မည်ဖြစ်ပြီး ထိုအချိန်တွင် ဒီမိုကရက်တစ်ပါတီက အမတ်နေရာ အများစုကို ရယူထားမည်ဖြစ်သည်။

အမေရိကန်နိုင်ငံရေးတွင် ဒုတိယသမ္မတပြီးလျှင် သမ္မတရာထူးကို ဆက်ခံနိုင်ခြေရှိသည့် အဆင့်တွင်ရှိသော ဤအရေးပါသည့် ရာထူးအတွက် ဂျက်ဖရီ ရွေးချယ်ခံရမည်ဟု တွင်တွင်ကျယ်ကျယ် မျှော်လင့်ထားကြသည်။
အကယ်၍ ၎င်းသာ ရွေးချယ်ခံခဲ့ရပါက ၎င်းအနေဖြင့် လွန်ခဲ့သည့် နှစ်များစွာအတွင်း ဒီမိုကရက်တစ်ပါတီအတွက် အောက်လွှတ်တော်တွင် အမတ်နေရာ အများဆုံးရရှိထားသည့် အခြေအနေမျိုးကိုဦးဆောင်ရမည်ဖြစ်ပြီး အထက်လွှတ်တော်ကိုလည်း ဒီမိုကရက်တစ်ပါတီက ထိန်းချုပ်ထားသည့်အတွက် အားသာချက်များ ရရှိမည်ဖြစ်သည်။
မဲခွဲဆုံးဖြတ်အမည်တင်သွင်းပြီးနောက် ဂျက်ဖရီက ဤသို့ အမည်စာရင်းတင်သွင်းခံရခြင်းသည် ကြီးမားသော ဂုဏ်ပြုမှုတစ်ခုနှင့် ထူးခြားသည့် အခွင့်အရေးတစ်ခု ဖြစ်ကြောင်း သတင်းထောက်များအား ပြောကြားခဲ့သည်။
နိုဝင်ဘာလ ၁၈ ရက်အထိရလဒ်များအရ လာမည့်နှစ်တွင် ဒီမိုကရက်တစ်ပါတီသည် အောက်လွှတ်တော်၌ အနည်းဆုံးနေရာ ၂၅၇ နေရာကို ပိုင်ဆိုင်ထားမည်ဖြစ်ပြီး ၎င်းသည် အများစုနေရာရရှိရန် လိုအပ်သည့် ၂၁၈ နေရာထက်များစွာ ပိုမိုများပြားသည်။ မကြာသေးမီက ကျင်းပခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲများအနက် မဲရလဒ် မကြေညာရသေးသည့် မဲဆန္ဒနယ် ခုနှစ်ခု ရှိနေသေးသည်။
နယူးယော့ခ်ပြည်နယ်ရှိ မဲဆန္ဒနယ်တစ်ခုကို ကိုယ်စားပြုသည့် ဂျက်ဖရီသည် နိုဝင်ဘာလ ၁၈ ရက်က ပြုလုပ်သော ပါတီတွင်း လျှို့ဝှက်မဲပေးပွဲတွင် မဲ ၂၅၁ မဲ၊ ကန့်ကွက်မဲ ၁၁ မဲဖြင့် ပါတီခေါင်းဆောင်အဖြစ် ပြန်လည်ရွေးချယ်ခံခဲ့ရသည်။ ၎င်းက ၂၀၂၃ ခုနှစ်မှစ၍ လူနည်းစုခေါင်းဆောင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။
လက်ရှိတွင် ဒီမိုကရက်တစ်ပါတီဝင် အောက်လွှတ်တော်အမတ်များဖြင့်သာ ဖွဲ့စည်းထားသည့် Congressional Black Caucus ခေါ် အမေရိကန်လွှတ်တော်ရှိ လူမည်းအမတ်များအဖွဲ့က ဂျက်ဖရီအနေဖြင့် အောက်လွှတ်တော်ကို ဦးဆောင်လာမည့်အချိန်သည် သမိုင်းတွင်မည့် အခိုက်အတန့်တစ်ခု ဖြစ်လာနိုင်ကြောင်း ပြောဆိုခဲ့သည်။
ဒီမိုကရက်တစ်ပါတီဝင် လွှတ်တော်အမတ်များအားလုံးသည် ဇန်နဝါရီလတွင် လွှတ်တော်ကို တရားဝင် ထိန်းချုပ်ခွင့်ရရှိလာသည်နှင့်တပြိုင်နက် အိမ်ဖြူတော် အစိုးရအဖွဲ့ နှင့် ထိပ်တိုက်တွေ့ဆုံမှုများ ဖြစ်လာနိုင်ခြေအတွက် ပြင်ဆင်နေကြသည်။
ရီပတ်ဘလစ်ကန်ပါတီဝင်သမ္မတဒေါ်နယ်ဒ်ထရမ့်ပ်ကလည်း အချို့သော ကိစ္စရပ်များတွင် ဒီမိုကရက်တစ်ပါတီနှင့် ပူးပေါင်းဆောင်ရွက်လိုကြောင်း အရိပ်အမြွက် ပြောကြားထားသော်လည်း၊ မိမိသဘောမကျသည့် ဥပဒေကြမ်းများကိုမူ ဗီတိုအာဏာ အသုံးပြု၍ ပယ်ချသွားမည်ဟု ကတိပြုထားသည်။
ထရမ့်ပ်၏ ဆန့်ကျင်မှုများကြောင့် နေထိုင်စားသောက်စရိတ် ကြီးမြင့်မှုပြဿနာကို ဖြေရှင်းပေးမည်ဟူသော ကတိများနှင့် အခြားသော ပြုပြင်ပြောင်းလဲမှုများကို အကောင်အထည်ဖော်ရန် ဒီမိုကရက်တစ်ပါတီအတွက် ခက်ခဲသွားနိုင်သည်။
နိုဝင်ဘာလ ၁၈ ရက်အထိ မဲခွဲဆုံးဖြတ်မှုအပြီး ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ဂျက်ဖရီက အောက်လွှတ်တော် ဒီမိုကရက်တစ်ပါတီအနေဖြင့် စားသောက်ကုန်၊ လောင်စာဆီနှင့် နေအိမ်အိုးအိမ် စရိတ်ကြီးမြင့်မှုများကို လျှော့ချနိုင်ရန် ကြိုးပမ်းသွားမည်ဖြစ်ပြီး အမေရိကန်နိုင်ငံသားတိုင်း ကျန်းမာရေးစောင့်ရှောက်မှုကို တတ်နိုင်သော ဈေးနှုန်းဖြင့် ရရှိနိုင်စေရန် လုပ်ဆောင်သွားမည်ဟု ကတိပြုပြောကြားခဲ့သည်။
Ref: BBC