
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်
တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ကျင်းပရာ အဝေရာမီးပုံးပျံကွင်းအတွင်း ပွဲလာပရိသတ် များပြားမှုနှင့်အတူ အမှိုက်ထွက်ရှိမှု များပြားပြီး တစ်ရက်လျှင် အမှိုက်ကား ၁၂ ခေါက်သိမ်းဆည်းနေရသည်ဟု တောင်ကြီးမြို့နယ် စည်ပင်သာယာရေးဌာနထံက သိရသည်။
တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ရိုးရာမီးပုံးပျံပြိုင်ပွဲကို အဝေရာမီးပုံးပျံကွင်းအတွင်း နိုဝင်ဘာလ ၁၆ ရက်မှ စတင်၍ ပြုလုပ်နေခြင်းဖြစ်ပြီး ပွဲတော် တတိယနေ့ဖြစ်သော ယမန်နေ့ နိုဝင်ဘာ ၁၉ ရက်အထိ နေ့စဉ် တစ်ရက်လျှင် အမှိုက်သိမ်းယာဉ် ၁၂ ခေါက်၊ ဝန်ထမ်း ၆၅ ဦးဖြင့် အမှိုက်သိမ်းဆည်းရေးလုပ်ငန်းများ ဆောင်ရွက်နေရခြင်းဖြစ်ကြောင်း သိရသည်။
“ပွဲလာဧည့်ပရိသတ်ကလည်း များတယ်။ အမှိုက်ကတော့ ထွက်ရှိမှု များမှာပဲ။ အဓိက ကတော့ ပွဲလာပရိသတ် တစ်ဦးချင်းစီက ကိုယ့်အမှိုက်ကိုယ် တာဝန်ယူပြီး စနစ်တကျလေး ပစ်ပေးမယ်ဆိုရင် သိမ်းဆည်းရတဲ့ ဝန်ထမ်းတွေ အတွက်လည်း သက်သာမယ်၊ မြို့တော် သာယာလှပရေးအတွက်လည်း အထောက်အကူဖြစ်ပါမယ်” ဟု တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်နေ ဒေသခံတစ်ဦးက ၎င်း၏အမြင်ကို ပြောသည်။
စည်ပင်သာယာရေးဌာနမှ အမှိုက်သိမ်းဝန်ထမ်းများက ညစဉ် မီးပုံးပျံပြိုင်ပွဲ ပြီးဆုံးချိန် နံနက် ၅ နာရီခွဲခန့်မှ မွန်းလွဲပိုင်း ညနေ ၃ နာရီခန့်အထိ အမှိုက်သိမ်းဆည်းရေးလုပ်ငန်းများ ဆောင်ရွက်နေခြင်းဖြစ်ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေး အဖွဲ့အစည်းများနှင့် လူမှုရေးအသင်းများကလည်း အမှိုက်သိမ်းဆည်းရေးလုပ်ငန်းများတွင် ကူညီဆောင်ရွက်ပေးလျက် ရှိသည်ဟု သိရသည်။
ကျင်းပပြုလုပ်လျက်ရှိသည့် တောင်ကြီးမြို့တော် တန်ဆောင်တိုင်ပွဲတော် ရိုးရာမီးပုံးပျံပြိုင်ပွဲသို့ ဒေသတွင်း ဧည့်သည် များအပြင် ပြည်တွင်း/ပြည်ပမှ ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်မှု များပြားပြီး ပွဲတော်ကျင်းပရာ အဝေရာ မီးပုံးပျံကွင်း အနီးဝန်းကျင် အပြင် တောင်ကြီးမြို့ပေါ် လမ်းမများတွင်လည်း ယာဉ်အသွားအလာ များပြားမှုကြောင့် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်နေလျက်ရှိကြောင်း သိရသည်။