
စိမ့်စမ်းရေ (NP News) - နိုဝင်ဘာ ၁၉
ဥပဒေနှင့် ကျင့်ဝတ်စည်းကမ်းများ မလိုက်နာသည့် သတင်းအေဂျင်စီ (၁၀) ခု၏ လက်မှတ်များကို ပြန်လည်ရုပ်သိမ်းပြီး အရေးယူထားကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
သတင်းအေဂျင်စီလုပ်ငန်း အသိအမှတ်ပြုလက်မှတ်များကို သက်ဆိုင်ရာဥပဒေနှင့် နည်းဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ စိစစ်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ဥပဒေ၊ ကျင့်ဝတ်စည်းကမ်းများကို လိုက်နာမှုမရှိသူများနှင့်ပတ်သက်၍ ခိုင်လုံသော အထောက်အထားများဖြင့် တိုင်ကြားလာပါက တရားစွဲဆိုခြင်းနှင့် လုပ်ငန်းအသိအမှတ်ပြုလက်မှတ် ပြန်လည်ရုပ်သိမ်းခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် သတင်းမီဒီယာဥပဒေတွင် သတင်းမီဒီယာသမားများ၏ ရပိုင်ခွင့်များနှင့် လိုက်နာရမည့် တာဝန်၊ ကျင့်ဝတ်များကို သတ်မှတ်ပြဋ္ဌာန်းထားပြီး နိုင်ငံသားတိုင်း၏ သတင်းသိပိုင်ခွင့်နှင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တို့ကို သက်ဆိုင်ရာဥပဒေများနှင့်အညီ ဆောင်ရွက်နိုင်ရေး စိစစ်ကြပ်မတ်လျက်ရှိကြောင်း သိရသည်။
လက်ရှိတွင် ၂၀၂၃ ခုနှစ်မှ ၂၀၂၆ ခုနှစ် အောက်တိုဘာလအထိ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေနှင့် သတင်းမီဒီယာဥပဒေပါ ပြဋ္ဌာန်းချက်များကို လိုက်နာမှုမရှိသည့် ကျင့်ဝတ်မဲ့သတင်းအေဂျင်စီ (၁၀) ခုကို လုပ်ငန်းအသိအမှတ်ပြုလက်မှတ်များ ပြန်လည်ရုပ်သိမ်းကာ အရေးယူဆောင်ရွက်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။