
ကုလသမဂ္ဂထိပ်တန်းတရားရုံးဖြစ်သည့် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာ ဟုဖော်ပြထား) များကို မြန်မာ၏ဖြိုခွင်းမှုသည် လူမျိုးတုံးသတ်ဖြတ်မှုမြောက်သည်ဟုနိုဝင်ဘာ ၁၉ ရက်တွင် ဆုံးဖြတ်ချက်ချမှတ်ခဲ့သည်။
မြန်မာနိုင်ငံသည် ဘင်္ဂါလီများကိုလူမျိုးတုံးသတ်ဖြတ်မှု (Genocide) ကျူးလွန်ခဲ့ပြီး ၁၉၄၈ ခုနှစ် လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေးနှင့် အပြစ်ပေးရေးဆိုင်ရာ သဘောတူစာချုပ်ပါ တာဝန်ဝတ္တရားများကို ချိုးဖောက်ခဲ့သည်ဟု ICJ ကပြောကြားခဲ့သည်။
ဘင်္ဂါလီတို့ကို မြန်မာ၏ဖြိုခွင်းမှုက ၁၉၄၈ ကုလသမဂ္ဂ လူမျိုးတုံးသတ်ဖြတ်မှု သဘောတူညီချက်ကို ချိုးဖောက်ခြင်းဖြစ်သည်ဟု ဂမ်ဘီယာ၏စွပ်စွဲမှုများကို ICJ တရားသူကြီးများကလေ့လာချိန်ဆနေသည်မှာ ခုနစ်နှစ်ကြာမြင့်ခဲ့သည်။
ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ ဘင်္ဂါလီများကို ဖျက်ဆီးလိုသည့် ရည်ရွယ်ချက်ဖြင့် မြန်မာနိုင်ငံက လုပ်ဆောင်ခဲ့ကြောင်း တရားရုံးအနေဖြင့် ခိုင်လုံစွာ ယုံကြည်လက်ခံသည်ဟု ICJ ဥက္ကဋ္ဌ တရားသူကြီး ယူဂျီ အီဝါဆာဝါ Yuji Iwasawa က ပြောကြားခဲ့သည်။
မြန်မာကမူ ဘင်္ဂါလီတို့ကို လူမျိုးတုံးသတ်သည်ဆိုခြင်းအား အမြဲတစေ ငြင်းဆန်းထားသည်။ လုံခြုံရေး အများအပြားသေဆုံးခဲ့ရသည့် တိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီးနောက် သောင်းကျန်းသူတို့၏စစ်ရေးပုန်ကန်မှုကို ပစ်မှတ်ထားခြင်းဖြစ်သည်ဟု ပြောကြားသည်။
တရားသူကြီး ၁၅ ဦးပါဝင်သည့် အဖွဲ့က ထောက်ခံမဲ ၉ မဲ၊ ကန့်ကွက်မဲ ၆ မဲဖြင့် မြန်မာနိုင်ငံသည် လူမျိုးတုံးသတ်ဖြတ်မှုကို တားဆီးရန်နှင့် အပြစ်ပေးရန် ပျက်ကွက်ခဲ့ကြောင်း ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
ယခုဆုံးဖြတ်ချက်သည် လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေး သဘောတူစာချုပ်အရ နိုင်ငံတစ်နိုင်ငံကို လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ကြောင်း ICJ က ပထမဆုံးအကြိမ် အပြစ်ရှိသည်ဟု ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International) က ထောက်ပြထားသည်။
ထို့အပြင် မြန်မာနိုင်ငံအနေဖြင့် နစ်နာသူများ သို့မဟုတ် ၎င်းတို့နှင့် သက်ဆိုင်သူများအား သင့်လျော်သလို လျော်ကြေးပေးအပ်ရန်နှင့် နေရပ်စွန့်ခွာ ထွက်ပြေးသွားရသည့် ဒုက္ခသည်များ ဘေးကင်းလုံခြုံစွာ နေရပ်ပြန်နိုင်ရေးအတွက် ဆောင်ရွက်ပေးရန် တရားရုံးက ညွှန်ကြားခဲ့သည်။
၂၀၁၇ ခုနှစ်အတွင်း ရခိုင်ပြည်နယ်၌ ဖြစ်ပွားခဲ့သည့် စစ်ဆင်ရေးများကြောင့် ဘင်္ဂါလီ ၇၀၀,၀၀၀ ကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့် ဖြစ်စဉ်နှင့် ပတ်သက်၍ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလတွင် တရားစွဲခဲ့သည်။
မြန်မာနိုင်ငံဘက်ကမူ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့ခြင်း မရှိကြောင်း ငြင်းဆိုထားပြီး ၎င်းတို့၏ လုံခြုံရေးတပ်ဖွဲ့ဝင်များသည်Arakan Rohingya Salvation Army (ARSA)ကဲ့သို့သော လက်နက်ကိုင်အဖွဲ့များ၏ တိုက်ခိုက်မှုများကို တုံ့ပြန်ဆောင်ရွက်ခဲ့ခြင်းသာ ဖြစ်ကြောင်း အခိုင်အမာ ပြောဆိုထားသည်။
နယ်စပ်တစ်ဘက် ဘင်္ဂလားဒေ့ရှ်၌ ဘင်္ဂါလီ တစ်သန်းကျော် နေထိုင်လျက်ရှိရာ ၎င်းတို့နေထိုင်နေသည့် နေရာသည် ကမ္ဘာ့အကြီးဆုံး ဒုက္ခသည်စခန်းဖြစ်လာခဲ့သည်။
ယခုဆုံးဖြတ်ချက်သည် အခြားသော နိုင်ငံတကာ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ တရားစီရင်ရေး လုပ်ငန်းစဉ်များအတွက် ဥပဒေကြောင်းဆိုင်ရာ စံနမူနာ (Legal Precedent) တစ်ခု ဖြစ်လာနိုင်ခြေ ရှိ၊ မရှိကို လေ့လာစောင့်ကြည့်သူများက အနီးကပ် စောင့်ကြည့်နေကြကြောင်း The Guardian နှင့် BBC သတင်းဌာနတို့က ဖော်ပြထားသည်။
ဂါဇာ၌ အစ္စရေးလုပ်ဆောင်သော စစ်ဆင်ရေးနှင့်ပတ်သက်၍ တောင်အာဖရိက,က တရားစွဲထားသော လူမျိုးတုံးသတ်ဖြတ်မှု မြောက်နိုင်သည့်အမှု၌ ICJ က မည်သို့မည်ပုံတိမ်းညွှတ်မလဲဆိုသည့် သဲလွန်စများအတွက် ဥပဒေပညာရှင်များက မြန်မာနိုင်ငံအပေါ် ICJ၏ ဆုံးဖြတ်ချက်ကိုအနီးကပ်စောင့်ကြည့်ခဲ့ကြသည်။
Ref:AFP,BBC,Guardian