
ပြည်ပရောက် လုပ်သားများ၏ ငွေလွှဲပြန်ပို့ငွေ တစ်ဒေါ်လာလျှင် ကျပ် ၄၆၀၀ နှုန်းဖြင့် လဲလှယ်ပေးမည်ဖြစ်ကြောင်း ပြည်တွင်းပုဂ္ဂလိကဘဏ်အချို့က ကြောညာသတ်မှတ်လိုက်သည်။
ပြည်တွင်းပုဂ္ဂလိကဘဏ်များဖြစ်သည့် ကမ္ဘောဇဘဏ်၊ ဧရာဝတီဘဏ်၊ United amera bank အစရှိသည့်ဘဏ်များက ယနေ့(နိုဝင်ဘာ ၁၉ရက်) တွင် ကြေညာလာခြင်းလည်းဖြစ်သည်။
ဧရာဝတီဘဏ်က ပြည်ပရောက် မြန်မာနိုင်ငံသားများ လုပ်ခလစာ ငွေလွှဲနှုန်းတွင် တစ်ဒေါ်လာ ကျပ် ၄၆၀၀ အပြင် နိုင်ငံတော်မှ ထပ်ဆောင်းပံ့ပိုးငွေ တစ်ဒေါ်လာလျှင် ကျပ် ၃၀ ကို ထပ်မံပေးအပ်မည်ဖြစ်ကြောင်း ကြေညာထားသည်။
United Amera Bank ကမူ ယင်းထပ်ဆောင်းငွေ တစ်ဒေါ်လာ ကျပ် ၃၀ အပြင် တန်ဆောင်တိုင်ပရိုမိုးရှင်းအနေဖြင့် ကျပ် ၁၀ ထပ်မံပေးအပ်မည်ဖြစ်ကြောင်း ကြေညာထားသည်။
သို့သော် ပြည်ပငွေလဲနှုန်းမှာမူ ပြောင်းလဲမှုမရှိဘဲ ယခင်အတိုင်းသာ သတ်မှတ်ထားခြင်းဖြစ်ပြီး ပြည်ပရောက် လုပ်သားများ၏ ငွေလွှဲပြန်ပို့ငွေကိုသာ တစ်ဒေါ်လာ ကျပ် ၄၆၀၀ သို့ ပြောင်းလဲလိုက်ခြင်းဖြစ်သည်ကို ဘဏ်များ၏ ကြေညာချက်များတွင် တွေ့ရသည်။
အလုပ်သမားဝန်ကြီးဌာနက ၂၀၂၄ ခုနှစ် ဩဂုတ် ၂၈ ရက်တွင် “ပြည်ပနိုင်ငံများတွင် အလုပ်လုပ်ကိုင်နေသည့် အလုပ်သမားများသည် ပြည်ပ နိုင်ငံတွင် မိမိရရှိမည့် လုပ်ခလစာ၏ အနည်းဆုံး ၂၅ ရာခိုင်နှုန်းကို မိမိ၏ မိသားစုဝင်များထံသို့ တရားဝင်ဘဏ်စနစ်ဖြင့်ဖြစ်စေ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ခွင့်ပြုထုတ်ပေးထားသည့် Remittance Business License (RBL) ရရှိသူများဖြင့်ဖြစ်စေ၊ ဘဏ်စနစ်ဖြင့် ချိတ်ဆက်ထား သော နိုင်ငံတကာငွေလွှဲဝန်ဆောင်မှုလုပ်ငန်းများဖြင့်ဖြစ်စေ တစ်လလျှင်တစ်ကြိမ် လုပ်ခလစာ၏ ၂၅ ရာခိုင်နှုန်း သို့မဟုတ် အများဆုံး ၃ လလျှင်တစ်ကြိမ် ၃ လစာစုစုပေါင်း၏ အနည်းဆုံး ၂၅ ရာခိုင်နှုန်းကို မိမိ၏မိသားစုဝင်များထံသို့ သို့မဟုတ် မိခင်နိုင်ငံရှိ မိမိ၏ ဘဏ်စာရင်းသို့ လွှဲပြောင်း ပေးပို့ရမည်”ဟု ထုတ်ပြန်ကြေညာခဲ့သည်။