TP News

မြန်မာနိုင်ငံ ဗမာတိုင်းရင်းသားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးကျော်ဒေ၀ နှင့် တွေ့ဆုံခြင်း

မြန်မာပြည်ထုတ်ကုန်များ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ပြပွဲကျင်းပသွားမည် . . . ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင်ကျင်းပမည့် မြန်မာ့ MSME ထုတ်ကုန်များ ကုန်စည်ပြပွဲ၊ (EXPERI-ENCEING THE TASTE OF GOLDEN LAND MYANMAR The 1st Myanmar MSME Expo in Thailand) မိတ်ဆက်ရှင်းလင်းပွဲ အခမ်းအနားကို နိုဝင်ဘာ ၁၀ ရက်တွင် ရန်ကုန်မြို့ လမ်းမတော်မြို့နယ် မင်းရဲကျော်စွာလမ်းရှိ UMFCCI၊ အခန်းအမှတ် (၄၀၆)၊ (၄ လွှာ)၌ ကျင်းပခဲ့သည်။ အဆိုပါပြပွဲနှင့် ပတ်သက်၍ သွားရောက်ပြသရသည့် ရည်ရွယ်ချက်နှင့်ပတ်သက်၍ မြန်မာနိုင်ငံ ဗမာတိုင်းရင်းသားလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးကျော်ဒေဝ နှင့် တွေ့ဆုံ မေးမြန်းထားသည်များကို ပြန်လည်ဖော်ပြလိုက်ပါသည်။

TREND ။ ။ ဒီနေ့ပြုလုပ်တဲ့ပြပွဲနဲ့ပတ်သက်ပြီး ရှင်းပြပေးပါဦး။

UKDW ။ ။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ Paradise Park Shopping Center မှာ မြန်မာနိုင်ငံ ဗမာလုပ်ငန်း ရှင်များက ဦးစီးပြီးတော့ ပထမဦးဆုံး မြန်မာ့ MSME ထုတ်ကုန်များကုန်စည်ပြပွဲ၊ (EXPERIENCEING THE TASTE OF GOLDEN LAND MYANMAR (The 1st Myanmar MSME Expo in Thailand ) ကို ကျင်းပမှာ ဖြစ်ပါတယ်။ ပြခန်းအနေနဲ့ ပြခန်းပေါင်း ၆၀ ကို သွားရောက်ပြသဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။ TREND ။ ။ ဘယ်လို ရည်ရွယ်ချက်တွေနဲ့ ဆောင်ရွက်တာလဲဆိုတာကိုလည်း ပြောပြပေးပါဦး

UKDW ။ ။ အဓိကတော့ ကျွန်တော်တို့ရဲ့ မြန်မာမှာထွက်ရှိတဲ့ ထုတ်ကုန်တွေ၊ တိုင်းရင်းသားဒေသ မှာထွက်ရှိတဲ့ထုတ်ကုန်တွေနဲ့ အစားအသောက်ကုန်၊ လူသုံးကုန်ပစ္စည်းတွေကို သွားရောက်ပြသမှာ ဖြစ်ပါတယ်။ ထိုင်းမှာဆိုရင်လည်း မြန်မာတွေများစွာ ရှိပါတယ်။ အဲ့ဒီ ကျင်းပမယ့်နေရာက Paradise Park Shopping Center က မြန်မာတွေနေတဲ့နေရာနဲ့ နီးတယ်။ ဥပမာ မြန်မာတွေကြိုက်တဲ့ လက်ဖက်၊ အကြော်တွေနဲ့ ပတ်သက်တဲ့ပစ္စည်းတွေ၊ အစားအသောက်တွေ လူသုံးကုန်၊ စားသောက်ကုန်တွေကို အဲဒီမှာရှိတဲ့ မြန်မာလူမျိုးတွေက ကိုယ့်စားသောက်ကုန်တွေကို အဆင်ပြေပြေနဲ့ သုံးစွဲနိုင်အောင်၊ ထိုင်းဈေးကွက်ကိုလည်း ဈေးကွက်တိုးချဲ့မှု ရရှိအောင် ကျင်းပရခြင်း ဖြစ်ပါတယ်။ TREND ။ ။ ပြပွဲကျင်းပတဲ့အခါမှာ ဘယ်လိုအစီအစဉ်တွေ ပါဝင်သွားဖို့ စီစဉ်ထားပါသလဲ။

UKDW ။ ။ ကျွန်တော်တို့ ပွဲကျင်းပတဲ့အခါမှာ သုံးရက်ကျင်းပမှာ ဖြစ်ပါတယ်။ ၂၀၂၇ ခုနှစ် ဖေဖော် ဝါရီ ၁၉ ၊ ၂၀၊ ၂၁ မှာကျင်းပမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ စားသောက်ကုန် ပစ္စည်းတွေကိုလည်း ထိုင်းနိုင်ငံမှာ တရားဝင်ရောင်းချလို့ရအောင် ဆောင်ရွက်တာတွေ၊ FDA အသိအမှတ်ပြုလက်မှတ်ရဖို့ ကိစ္စတွေ အဲဒါတွေကို ကျွန်တော်တို့ရဲ့ ပြပွဲမှာ ပါဝင်ပြသမယ့် လုပ်ငန်းရှင်တွေက အဲဒီမှာ တွေ့ဆုံဆွေးနွေး တာတွေ ရှိမယ်။ ဖွင့်ပွဲမှာဆိုရင်လည်း ကျွန်တော်တို့ဘက်က မြန့်မာယဉ်ကျေးမှု အကအလှ၊ အဆို၊ ရုပ်သေးအစီအစဉ်တွေ ထည့်ဖို့စဉ်းစားထားပါတယ်။ ထိုင်းဘက်ကလည်း ထိုင်းယဉ်ကျေးမှု အက၊ အလှတွေ ပါဝင်မယ်။ စောစောကပြောတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေအတွက်လည်း ဟောပြောဆွေးနွေးတာတွေကို သုံးရက်တာကာလမှာ ထည့်သွင်းပေးသွားမယ်။ ပြပွဲပြီးသွားရင်လည်း တချို့စက်ရုံတွေကို သွားရောက်လေ့လာဖို့ စီစဉ်ပေးသွားမှာ ဖြစ်ပါတယ်။ TREND ။ ။ ပြပွဲမှာ MSME ထုတ်ကုန်တွေ အပြင် ဘယ်လိုကဏ္ဍတွေ အဓိကထားပြီး ပါဝင်သွားမလဲ။

UKDW ။ ။ ပြပွဲကို ထိုင်းနိုင်ငံနဲ့ နိုင်ငံတကာ ဈေးကွက်ကို ဝင်ရောက်လိုတဲ့ မြန်မာ့ MSME လုပ်ငန်းတွေ၊ ကုမ္ပဏီတွေက မိမိတို့ရဲ့ထုတ်ကုန်များနဲ့ဝန်ဆောင် မှုလုပ်ငန်းတွေကို မိတ်ဆက်ပြသပြီးဈေးကွက် ဖော်ဆောင်နိုင်ဖို့နဲ့ ထိုင်းနိုင်ငံမှာရှိတဲ့ စီးပွားရေးလုပ်ငန်းများနဲ့ ချိတ်ဆက်မိပြီး ရင်းနှီးမြှုပ်နှံမှုတွေအနေနဲ့ ကုန်သွယ်မှုလုပ်ငန်းများကို တိုးချဲ့လုပ်ကိုင်နိုင်စေရန်နဲ့ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ ထင်ရှားကျော်ကြားတဲ့ ခရီးစဉ်များနဲ့ နေရာများကိုလည်း ပြသမိတ်ဆက်ပြီး မြန်မာ့ခရီးသွားလုပ်ငန်းကို တစ်ဖက်တစ်လမ်းက အထောက်အကူဖြစ်စေရန်ရည်ရွယ်ပါတယ်။

ကဏ္ဍအနေနဲ့ ခုနစ်ခု ရည်ရွယ်တယ်။ နောက် အသင့်စား စားသောက်ကုန်များ၊ အိမ်မှာအလှ ဆင်ပစ္စည်း၊ ကျောက်မျက်ရတနာ၊ ကျောက်မျက်နဲ့ အလှဆင်တဲ့လုပ်ငန်း၊ ပြည်တွင်းထုတ် အဝတ်အထည်များ၊ အလှဆင် လက်မှုပစ္စည်းများ၊ IT နဲ့ ဒစ်ဂျစ်တယ်ကဏ္ဍကိုလည်း ထည့်ထားပေးပါတယ်။

TREND ။ ။ မြန်မာနိုင်ငံ ဗမာလုပ်ငန်းရှင်များ အသင်းအနေနဲ့ ဦးဆောင်ပြီး ပြပွဲတွေကျင်းပတာ ပြည် တွင်းမှာလည်းရှိတယ်။ အခုဆိုရင် ပြည်ပပြပွဲကိုဦးဆောင် ကျင်းပနေတာဆိုတော့ ပြည်တွင်းလုပ်ငန်းရှင်တွေကို ဒီကနေ ပြောကြားချင်တာလေးရှိရင် ပြောပေးပါဦး။

UKDW ။ ။ ကျွန်တော်တို့ ဗမာလုပ်ငန်းရှင်များ အသင်းအနေနဲ့က ပြည်တွင်းမှာလည်း ဈေးပွဲတော်တွေ လုပ်ခဲ့တယ်။ နှစ်နိုင်ငံပေါ့၊ မြန်မာနဲ့ တခြားနိုင်ငံ တွဲပြီးတော့ ပြပွဲတွေ ပြုလုပ်ခဲ့တာတွေ ရှိပါတယ်။ အခု UMBEEA (Union of Myanmar Bamar Ethnic Entrepreneurs Association) အသင်းအနေနဲ့ ပြည်ပမှာလုပ်တာ ပထမဦးဆုံးပါပဲ။ ကျွန်တော်တို့အရင်တုန်းက ပြည်ပကိုသွားပြတာက ဟိုကဖိတ်လို့ သွားရောက် ပြသတာ ပဲရှိခဲ့တယ်။ အခု ကျွန်တော်တို့ပေးထားတဲ့ နာမည်လေးကိုလည်း စိတ်ဝင်စားမယ်လို့ ထင်ပါတယ်။ သွားရောက်ပြသမှာကလည်း ကဏ္ဍပေါင်းစုံပါဝင်မှာ ဖြစ်ပါတယ်။ စောစောကပြောတဲ့ စားသောက်ကုန်၊ လူသုံးကုန်၊ ကျောက်မျက်ရတနာနဲ့ လက်မှုပစ္စည်းကဏ္ဍတွေနဲ့ စုံစုံလင်လင်ပြသဖို့ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ အဲဒီလိုဆောင်ရွက်ဖို့အတွက် စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန မြန်မာ့ကုန်သွယ်မှု အဖွဲ့ကို စာတင်တာတွေ၊ သတင်းပို့တာတွေ၊ ထိုင်းစီးပွားရေး သံမှူးကိုလည်း စာပို့ထားပါတယ်။ ကျွန် တော်တို့ ဆောင်ရွက်တဲ့အခါမှာ ရေလမ်းကြောင်းက သွားမလား၊ နယ်စပ်က သွားမလားဆိုတာ စသဖြင့် ပြသမယ့်သူတွေ ပါကောင်းပါ နိုင်ပါတယ်။ အဲဒီအခါမှာ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေကို တင်ပြရမှာ ဖြစ်ပါတယ်။ တာဝန်ရှိဌာနက ခွင့်ပြုချက်နဲ့ တချို့ပစ္စည်းတွေက ဥပမာ ကျောက်မျက်ရတနာပါတဲ့အတွက် ချိတ်ပိတ်တာတို့၊ ပြပွဲမှာပြသမယ့် ပစ္စည်းတန်ဖိုး တစ်ခုပေါ့နော်၊ နိုင်ငံခြားမှာသွားရင် ပေးသင့်ပေးထိုက်တဲ့ တန်ဖိုးတစ်ခုပေါ့နော်။

ဒါတွေကို လမ်းညွှန်မှုအတိုင်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ပြပွဲပြမယ်ဆိုပြီး လျှောက်ထားတဲ့အခါမှာ အများကြီးမလျှောက်ဖို့ ပြပွဲမှာ လိုသလောက်ကိုပဲ ဆောင်ရွက်ပေးဖို့ အများကြီး လျှောက်ထား တာကို ရှောင်ရှားစေဖို့ တိုက်တွန်းမေတ္တာရပ်ခံချင်ပါတယ်။ ကျွန်တော်တို့ နန်နင်းပြပွဲမှာ ပြသတာ နှစ်နှစ်ရှိပြီ အဲဒီလို သွားတဲ့အခါမှာ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းပုံစံမျိုးနဲ့ ဆောင်ရွက်တာ ဖြစ်တယ်။ အဲဒီလိုပဲ သက်ဆိုင် ရာဌာနတွေကို တင်ပြပြီးတော့ ဆောင်ရွက်စေချင်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ ပြည်တွင်းမှာလည်း ၂၀၂၇ ခုနှစ်အတွင်းမှာ ပြပွဲနှစ်ခုကို ပြုလုပ်သွားဖို့ စီစဉ်နေပါတယ်။

TREND ။ ။ ဒီပြပွဲက ထိုင်းနိုင်ငံနဲ့ ကုန်သွယ်မှု ပြုလုပ်နေတဲ့အပေါ် အကျိုးသက်ရောက်မှုတွေ ရှိလာနိုင်လား။

UKDW ။ ။ အခုပြပွဲက ပထမဦးဆုံးမြန်မာ ပြည်ကထုတ်ကုန်ပစ္စည်းတွေကိုပြတဲ့ ကုန်စည်ပြပွဲ ဖြစ်ပါတယ်။ အားလုံးသိတဲ့အတိုင်းပဲ ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံက ကုန်သွယ်မှုလုပ်ရတာ အလွယ်ဆုံးနဲ့ အခွင့်အလမ်းအများဆုံး ဖြစ်ပါတယ်။ နိုင်ငံတော်ကလည်းလာမယ့်နှစ်တွေမှာ နှစ်နိုင်ငံကုန်သွယ်မှုကို ၁၂ ဘီလီ ယံလောက် မှန်းထားတာ ဖြစ်တဲ့အတွက် ဒီပြပွဲလေးသည် Export တိုးမြှင့်ရေးအတွက် တစ်နည်းတစ်လမ်း လေး အထောက်အကူပြုမယ်လို့ ယုံကြည်ပါတယ်။ TREND ။ ။ ဖြည့်စွက်ပြောကြားချင်တာရှိရင် ပြောကြားပေးပါဦး။

UKDW ။ ။ ဒီပြပွဲက ကဏ္ဍအနေနဲ့ ပြောရရင် ခုနစ်ခုမှာ အဝတ်အထည်က ပြည်တွင်းမှာ အခြေခံပြီး ထုတ်လုပ်ထားတဲ့ အဝတ်အထည် ချည်ထည်တွေ၊ အစားအသောက်တွေနဲ့ ခရီးသွားကဏ္ဍတွေလည်း ပါဝင်မယ်။ မြန်မာ့ယဉ်ကျေးမှုကိုလည်း ကဏ္ဍတစ်ခုအနေနဲ့ ထည့်သွင်းသွားမယ်။ လာရောက်တဲ့လုပ်ငန်းရှင်တွေအတွက်လည်း ဈေးကွက်တွေ ဖော်ဆောင်တာတွေ၊ လုပ်ငန်းရှင်အချင်းချင်း ချိတ်ဆက်ပြီးတော့ စောစောကပြောသလို မြန်မာနဲ့ထိုင်းနဲ့က သွားရတာ အလွယ်ကူဆုံးဖြစ်တယ်။ ထိုင်းနိုင်ငံက မြန်မာနိုင်ငံက သူတွေ အကုန်ရောက်ဖူးပြီးသားပါပဲ။ ရန်ကုန်ကနေ မန္တလေးနဲ့ ဘန်ကောက်ကိုသွားတာက ဘန်ကောက်သွားတဲ့သူက ပိုများတယ်ဆိုတဲ့စကား ရှိပါတယ်။ ကျွန်တော်တို့က ဒီ MSME ပြပွဲလေးကို ကျွန် တော်တို့ရဲ့ လုပ်ငန်းအတွက်နဲ့ တိုင်းပြည်အတွက် အခွင့်အလမ်းတွေ ရှာဖို့အတွက် ဖြစ်ပါတယ်။ ထိုင်းအနေနဲ့က ဈေးကွက်လည်း ကျယ်ပြန့်တယ်၊ ကြီးမားပါတယ်။ ယဉ်ကျေးမှုအရလည်း နီးစပ်ပါတယ်။ ဒေသပိုင်းဆိုင်ရာလည်း နီးစပ်တဲ့အတွက် ကြီးမားတဲ့အခွင့်အလမ်း ဖြစ်နိုင်ပါတယ်။ သက်မှူး (TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၄၄ ) တွင်ပါရှိသော အင်တာဗျူးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

မူရင်းသတင်း — TP News