
မန္တလေး နိုဝင်ဘာ ၁၉
ရွှေကျင်နိကာယဥပဥက္ကဋ္ဌ မဟာနာယက (တွဲဖက်ရွှေကျင်သာသနာ ပိုင်)၊ အဂ္ဂမဟာ ပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာ ဂန္ထ ဝါစက ပဏ္ဍိတ အဝေရာရာမ ရန်ကင်းကျောင်းတိုက် ဦးစီးပဓာန နာယက ဆရာတော် ဘဒ္ဒန္တ ဩဒါ တ သိရီဘိဝံသမဟာထေရ်၏ သက်တော်(၈၀) ပြည့်မွေးနေ့ (ပတ္တမြားရတု) အထိမ်းအမှတ် ကုသိုလ်တော်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မဟာအောင်မြေမြို့နယ် အဝေရာရာမ ရန်ကင်းကျောင်းတိုက်ရှိ မဟာ အတုလဂုဏ်ရည် မန်းရွှေလီ ကျောင်းတော်ကြီး၌ ကျင်းပသည်။
အခမ်းအနားသို့ နိုင်ငံတော် ဩဝါဒါစရိယ၊ သီတဂူ ကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်များနှင့် သီတဂူ ဆေးရုံတော်များ၏ အဓိပတိ သီတဂူဆရာတော် ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရ အမှူးပြုသော နိုင်ငံတော်ဩဝါဒါ စရိယဆရာတော်ကြီးများ၊ ရွှေကျင် နိကာယ ဥပဥက္ကဋ္ဌ မဟာနာယက၊ တွဲဖက် ရွှေကျင်သာသနာပိုင် ပါမောက္ခချုပ် ဆရာတော် ဒေါက်တာ ဘဒ္ဒန္တနန္ဒမာလာဘိဝံသနှင့် ထေရ်ကြီးဝါကြီးဆရာတော် ကြီးများ၊ ဆရာတော် သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး မန္တလေးတိုင်းဒေသကြီးဝန်ကြီး ချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ တပည့် သာဝက၊ ဒါယကာ၊ ဒါယိ ကာမများ၊ ဆွေတော်မျိုးတော်များ၊ အလှူရှင်များ၊ ဝတ်အသင်းများနှင့် ဧည့်ပရိသတ်များ တက်ရောက် ကြည်ညိုကြသည်။
ဆက်လက်၍ ဧည့်ပရိသတ် အပေါင်းက သီတဂူဆရာတော် ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တနန္ဒမာလာဘိဝံသ နှင့် ဝိဇ္ဇာလင်္ကာရ ဆရာတော် ဘဒ္ဒန္တ ကောသလ္လတို့ထံမှ ဩဝါဒကထာ နှင့် အဝေရာရာမရန်ကင်းကျောင်း တိုက် ဦးစီးပဓာနနာယက ဆရာတော် ဘဒ္ဒန္တ ဩဒါတသိရီဘိဝံသ ထံမှ သာရဏီယ ဩဝါဒကထာများ ကို နာယူကြည်ညိုကြသည်။
ယင်းနောက် အဝေရာရာမ ရန်ကင်းကျောင်းတိုက် ဦးစီးပဓာန နာယက ဆရာတော် ဘဒ္ဒန္တဩဒါ တသိရီဘိဝံသ မဟာထေရ်၏ သက်တော်(၈၀) ပြည့်မွေးနေ့ (ပတ္တမြားရတု) အထိမ်းအမှတ် ကုသိုလ်တော်ပွဲနှင့် ကျောင်းတိုက် သာသနာပြု (၂၅)နှစ်ပြည့် ငွေရတု အထိမ်းအမှတ် ကုသိုလ်ပွဲနှင့် စပ်လျဉ်း၍ သာသနာပြု ဥပတ္ထမ္ဘက အဖွဲ့၏ လျှောက်ထားလွှာကို အဝေရာရာမ ကျောင်းတိုက် နာယက စာချသာသနဓဇဓမ္မာ စရိယ၊ ဘီ-အေ အရှင်သက္ကာ စာရက လျှောက်ထားသည်။
ထို့နောက် သီတဂူဆရာတော် ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရ အမှူးပြုပြီး နိုင်ငံတော်ဩဝါဒါ စရိယ ဆရာတော်ကြီးများ၊ ပါမောက္ခချုပ် ဆရာတော် ဒေါက်တာ ဘဒ္ဒန္တနန္ဒမာလာဘိဝံသ နှင့် ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများထံ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တပည့်ဒါယကာ၊ ဒါယိကာမများနှင့် အလှူရှင်များက လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်၍ ပတ္တမြားရတု ကျင်းပပူဇော်ရေး အဖွဲ့မှ တာဝန်ရှိသူထံ နဝကမ္မ အလှူတော်ငွေများကို လှူဒါန်းကြ သည်။
ဆက်လက်၍ သီတဂူဆရာတော် ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရထံ မှ အနုမောဒနာ ဩဝါဒကထာကို နာယူကြည်ညိုကာ ရေစက်သွန်းချ အမျှအတမ်းပေးဝေ၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ပြီး နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်