NP News

တန်ဆောင်တိုင်ရုံးပိတ်ရက်အတွင်း လိုအပ်သည့် စက်သုံးဆီများကို ဖြည့်တင်းရောင်းချပေးနိုင်ရန် အရန်ဆီများ ထားရှိပြီးဖြစ်ဟုဆို

ထိုက်စံ (NP News) - နိုဝင်ဘာ ၂ဝ

တန်ဆောင်တိုင်ပွဲတော်ရုံးပိတ်ရက်ရှည်ကာလအတွင်း လိုအပ်သည့် စက်သုံးဆီများကို အမြန်ဖြည့်တင်းရောင်းချပေးနိုင်ရန် အရန်ဆီများ ကြိုတင်ထားရှိပြီးဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ ရုံးပိတ်ရက်ရှည်ကာလအတွင်း ခရီးသွားလာမှုများပြားနိုင်သည့် ရန်ကုန်-ပဲခူး-နေပြည်တော်-မန္တလေး အမြန်လမ်း၊ ရန်ကုန်-ပုသိမ်-ချောင်းသာ-ငွေဆောင်လမ်း၊ သာစည်-ကလော - အင်းလေး - တောင်ကြီးလမ်း၊ မန္တလေး-မိတ္ထီလာ-ကျောက်ပန်းတောင်း-ပုပ္ပါး-ပုဂံလမ်း၊ မန္တလေး-ပြင်ဦးလွင်လမ်းနှင့် ရန်ကုန် - ပဲခူး - မော်လမြိုင် လမ်းကြောင်းများပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်များတွင် စက်သုံးဆီများ ပုံမှန်ဖြည့်တင်းထားရှိပြီးဖြစ်ကြောင်း သိရသည်။
ထို့ပြင် အများပြည်သူများ အဆင်ပြေချောမွေ့စွာနှင့် စိတ်ချမ်းမြေ့စွာ ခရီးသွားလာနိုင်ရေးအတွက် လိုအပ်သည့် စက်သုံးဆီများကို အမြန်ဖြည့်တင်းရောင်းချပေးနိုင်ရန် စက်သုံးဆီတင်ယာဉ် များဖြင့် တစ်နိုင်ငံလုံးရှိ စက်သုံးဆီအရောင်းဆိုင်များတွင် စက်သုံးဆီများ ပုံမှန်ဖြည့်တင်း ထားရှိပြီးဖြစ်သည့်အပြင် အရန်ဆီများ ကြိုတင်ထားရှိစီမံဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်း သိရသည်။
ထို့ကြောင့်အများပြည်သူများအနေဖြင့် စက်သုံးဆီများကို မြို့ကြီးများနှင့် ခရီးလမ်းတစ်လျှောက် တွင် သတ်မှတ်ထားသည့် စည်းကမ်းများအတိုင်း ဝယ်ယူသုံးစွဲနိုင်ကြောင်း ထုတ်ပြန်ထားသည်။

မူရင်းသတင်း — NP News