Myanmar Digital News

အားလုံးက အမှန်တကယ် အလုပ်လုပ်အလုပ်လုပ်နိုင်ရေး ဖန်တီးဆောင်ရွက်ပေး (မြန်မာ့အလင်း)

စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အခြေခံသည့် စီးပွားရေးဖြင့် နိုင်ငံကိုဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နိုင်သည်။ သို့ရာတွင် ကုန်ကြမ်းသက်သက်ကိုသာ ရောင်းချသည့် မိရိုးဖလာပုံစံကို ပြောင်းလဲ၍ ခေတ်မီနည်းပညာနှင့် တန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ်မှုများကို ပေါင်းစပ်နိုင်မှသာ ရေရှည်တည်တံ့သော စီးပွားရေးတိုးတက်မှုကို ရရှိနိုင်မည်ဖြစ်သည်။

 

စိုက်ပျိုးမွေးမြူရေးကိုအခြေခံပြီး စီးပွားရေးမြင့်မားတိုးတက်လာခဲ့သည့် နိုင်ငံများတွင် နယူးဇီလန်၊ ဒိန်းမတ်၊ နယ်သာလန်၊ ထိုင်းစသည့် နိုင်ငံများကို ထင်ရှားစွာတွေ့မြင်နိုင်သည်။ နယူးဇီလန်နိုင်ငံသည် သိုး၊ နွား မွေးမြူရေးနှင့် နို့ထွက်ပစ္စည်းလုပ်ငန်းများမှ အရည်အသွေးမြင့် နို့မှုန့်၊ ထောပတ်၊ ဒိန်ခဲနှင့် အသားထွက်ပစ္စည်းများကို တန်ဖိုးမြှင့် ထုတ်လုပ်ပြီး ကမ္ဘာ့စျေးကွက်သို့ တင်ပို့ခြင်း၊ ဒိန်းမတ်နိုင်ငံသည် တောင်သူများ စုပေါင်းလုပ်ကိုင်သည့် သမဝါယမစနစ်နှင့် ခေတ်မီမွေးမြူရေးလုပ်ငန်းများမှ ဝက်သားနှင့် နို့ထွက်ပစ္စည်းများကို ကမ္ဘာတွင် ထိပ်တန်းအဆင့် ထုတ်လုပ်၍ နိုင်ငံတကာဈေးကွက်ကို ထိုးဖောက်နိုင်ခဲ့ခြင်း၊ နယ်သာလန်နိုင်ငံသည် မြေနေရာ ရှားပါးသော်လည်း ခေတ်မီနည်းပညာဖြင့် စိုက်ပျိုးကာ အမေရိကန်ပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး စိုက်ပျိုးရေးထွက်ကုန် တင်ပို့နိုင်ခြင်း၊ ထိုင်းနိုင်ငံသည် စိုက်ပျိုးရေး အခြေခံစားသောက်ကုန်စက်မှုလုပ်ငန်းများ ထူထောင်၍ စည်သွတ်ဘူးနှင့် အသင့်စားအစားအစာများ ထုတ်လုပ်ပြီး ကမ္ဘာ့ဈေးကွက်သို့ တင်ပို့နိုင်ခြင်းတို့ကြောင့် စီးပွားရေးမြင့်မားတိုးတက်လာကြခြင်းဖြစ်သည်။

 

‘‘မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကိုအခြေခံသည့် နိုင်ငံဖြစ်ခြင်းကြောင့် စိုက်ပျိုးမွေးမြူရေးကဏ္ဍ တိုးတက်အောင်ဆောင်ရွက်ခြင်းဖြင့် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် စက်မှုလုပ်ငန်းကို ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း၊ ထိုမှတစ်ဆင့် ကုန်ထုတ်လုပ်မှုများ တိုးတက်လာပြီး ဝန်ဆောင်မှုလုပ်ငန်းများဖြစ်သည့် ဘဏ်လုပ်ငန်းများ၊ သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ၊ ရောင်းဝယ်ခြင်းလုပ်ငန်းများလည်း တိုးတက်လာမည်ဖြစ်ကြောင်း’’ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် တတိယပုံမှန်အစည်း အဝေးတွင် နိုင်ငံတော်၏မူဝါဒများနှင့် နိုင်ငံတော်၏အခြေအနေအရပ်ရပ်တို့နှင့် စပ်လျဉ်း၍ မိန့်ခွန်းပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။ ‘‘မိမိတို့အနေဖြင့် ရှိပြီးဖြစ်သည့် မြေသယံဇာတ၊ ရေသယံဇာတများကို စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများအတွက် စနစ်တကျ အသုံးချဆောင်ရွက်သွားမည်ဆိုပါက စိုက်ပျိုးမွေးမြူရေး ကုန်ထုတ်လုပ်ငန်းများ ယခုထက်များစွာတိုးတက်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ အဓိကလိုအပ်ချက်မှာ အားလုံးက အမှန်တကယ်အလုပ်လုပ်ကြရန်နှင့် အလုပ်အကိုင်များ လုပ်ကိုင်နိုင်ရေး နိုင်ငံတော်အစိုးရက ဖန်တီးဆောင်ရွက်ပေးသွားရန်လိုကြောင်း’’ လည်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။

 

မြန်မာနိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့်သည် ကျေးလက်တွင် နေထိုင်ကြသည့်အနက် ကျေးလက်လူဦးရေ၏ ထက်ဝက်ခန့်မှာ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်း၊ သစ်တောလုပ်ငန်း၊ ရေလုပ်ငန်းတို့ဖြင့် အသက်မွေးဝမ်းကျောင်း ပြုနေကြခြင်းဖြစ်ရာ စိုက်ပျိုးမွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးလာသည်နှင့်အမျှ ကျေးလက်နေပြည်သူများ၏ ဝင်ငွေတိုးတက်လာပြီး ပြည်တွင်းဝယ်လိုအားနှင့် စီးပွားရေးလည်ပတ်မှုကို အားကောင်းစေမည်ဖြစ်သည်။ သို့ဖြစ်ရာ သီးနှံမျိုးကောင်းမျိုးသန့်ကို ရွေးချယ်စိုက်ပျိုးခြင်း၊ ခေတ်မီစိုက်ပျိုးမွေးမြူရေး စက်ကိရိယာများ သုံးစွဲခြင်းနှင့် နည်းပညာများကိုအသုံးချခြင်းဖြင့် တစ်ဧကအထွက်နှုန်းနှင့် အရည်အသွေးတို့ကို မြှင့်တင်နိုင်ဖို့ လိုသည်။

 

ထို့အပြင် စိုက်ပျိုးမွေးမြူရေးသက်သက်မျှကိုသာ အားကိုးမှီခိုနေပါက ရေကြီးမှု၊ မိုးခေါင်ရေရှားမှု စသောရာသီဥတုဖောက်ပြန်မှု၊ သီးနှံဖျက်ပိုးမွှားကျရောက်မှု၊ ကမ္ဘာ့ဈေးကွက်ဈေးနှုန်းမတည်ငြိမ်မှုတို့ ကြုံတွေ့ရပါက စီးပွားရေးကို ထိခိုက်လွယ်စေသည်ကို သတိပြုရန်လိုသည်။ အိမ်နီးချင်းနိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံနှင့်ရာသီဥတု၊ စိုက်ပျိုးသီးနှံတို့ တူညီသော်လည်း ကုန်ကြမ်းများကို စက်ရုံများမှ တန်ဖိုးမြှင့်ကုန်ချောများအဖြစ် ပြောင်းလဲနိုင်ခဲ့၍ ဝင်ငွေအမြောက်အမြား ရရှိနေခြင်းဖြစ်သည်။ သို့ဖြစ်ရာ စိုက်ပျိုးမွေးမြူရေးကို အခြေခံအုတ်မြစ်အဖြစ် ခိုင်မာအောင် တည်ဆောက်ကာ ၎င်းနှင့်ဆက်စပ်နေသည့် စက်မှုလုပ်ငန်း(Agro-based Industry)နှင့် ဝန်ဆောင်မှုကဏ္ဍများကိုပါ ဟန်ချက်ညီညီ မြှင့်တင်ပေးမှသာလျှင် ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်သို့ လျင်လျင်မြန်မြန် ရောက်ရှိနိုင်ကြမည်ဖြစ်သည်။

 

နည်းလမ်းများ မည်မျှကောင်းမွန်စေကာမူ လက်တွေ့လျှောက်လှမ်းကြမှသာလျှင် ပန်းတိုင်သို့ ရောက်ရှိနိုင်မည်ဖြစ်ရာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကလိုအပ်ချက်သည် အမှန်တကယ် အလုပ်လုပ်ကြရန်ပင်ဖြစ်သည်။ လက်တွေ့ကျကျ အမှန်တကယ် အလုပ်လုပ်နိုင်ရေးအတွက်လည်း လိုအပ်သည့် ပတ်ဝန်းကျင်ကောင်းများ ဖြစ်ပေါ်လာစေရန် ဖန်တီးဆောင်ရွက်ပေးခြင်းဖြင့် ကုန်ထုတ်လုပ်မှုကဏ္ဍ မြင့်မားတိုးတက်လာနိုင်ပါမည့်အကြောင်း။ ။

မူရင်းသတင်း — Myanmar Digital News