Myanmar Digital News

ReCAAP ISC ၏ Cluster Meeting (2026) အစည်းအဝေးကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပ

နေပြည်တော် နိုဝင်ဘာ ၁၉

 

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် ReCAAP ISC ၏ Cluster Meeting (2026) အစည်းအဝေးကို နိုဝင်ဘာ ၁၇ ရက်နှင့် ၁၈ ရက်တို့တွင် ရန်ကုန်မြို့ Park Royal Hotel ၌ ကျင်းပရာ အစည်းအဝေးသို့ ReCAAP Information Sharing Center (ISC) မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် အဖွဲ့ဝင်နိုင်ငံများ ဖြစ်ကြသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ ကိုယ်စားလှယ်များနှင့် လေ့လာသူ နိုင်ငံများအဖြစ် မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံမှ ကိုယ်စားလှယ်များ၊ တပ်မတော်(ရေ)နှင့် မြန်မာနိုင်ငံ ရေကြောင်းအဖွဲ့အစည်း ၁၉ ဖွဲ့မှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

 

ဦးစွာ ReCAAP ISC ၏ မြန်မာနိုင်ငံဆိုင်ရာ Governor က ကြိုဆို နှုတ်ခွန်းဆက်စကား ပြောကြားပြီး ReCAAP Information Sharing Center (ISC) ၏ အမှုဆောင် ဒါရိုက်တာ Vijay D Chafekar က အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြပြီး တက်ရောက်လာသူ ကိုယ်စားလှယ်များက တစ်ဦးချင်း မိတ်ဆက်ကြသည်။

 

ထို့နောက် အစည်းအဝေးအား ဆက်လက်ကျင်းပရာ ဒေသတွင်း ရေလက်ကြား ရေလမ်းကြောင်းများတွင် ပင်လယ်ဓားပြမှုနှင့် လက်နက်ကိုင် လုယက်မှုဖြစ်စဉ်များ ဖြစ်ပွားနေမှုနှင့် ပတ်သက်၍ နိုင်ငံအလိုက် ဆွေးနွေးတင်ပြကြပြီး ဒေသတွင်းလက်ရှိဖြစ်ပေါ်နေသည့် လုံခြုံရေးဆိုင်ရာ အခြေအနေ၊ ကြုံတွေ့လာနိုင်သည့် လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများအတွက် ကြိုတင် ပြင်ဆင်ထားရှိရမည့် အခြေအနေ၊ သတင်းအချက်အလက်များ ပိုမိုပူးပေါင်းမျှဝေရေးနှင့် အကောင်အထည်ဖော် ဆောင်ရွက်ကြမည့် နည်းလမ်းများကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ် ဆွေးနွေးကြသည်။ ဆက်လက်၍ အဖွဲ့လိုက် ဆွေးနွေးချက်များအပေါ်  ReCAAP Information Sharing Center (ISC) ၏ အမှုဆောင်ဒါရိုက်တာက ပြန်လည်သုံးသပ် ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားသည်။

 

အစည်းအဝေးသို့ တက်ရောက်လာသည့် ကိုယ်စားလှယ်များသည် မြန်မာနိုင်ငံသို့ ရောက်ရှိနေစဉ်အတွင်း ရန်ကုန်မြို့ရှိ အထင်ကရနေရာများသို့ သွားရောက်လေ့လာ လည်ပတ်ခဲ့ကြပြီး ယနေ့မွန်းလွဲပိုင်းတွင် သက်ဆိုင်ရာနိုင်ငံ အသီးသီးသို့ လေကြောင်းခရီးဖြင့် ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်

မူရင်းသတင်း — Myanmar Digital News