Myanmar Transparency News

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံလူ့အခွင့်အရေးနှင့် ပတ်သက်သည့် ဆုံးဖြတ်ချက်အဆို (A/C.3/81/L.42/Rev.1) သည် ပကတိမြေပြင်အခြေအနေကို ထင်ဟပ်ခြင်းမရှိသဖြင့် မြန်မာနိုင်ငံက လုံးဝလက်မခံ ပယ်ချကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်

၂၀.၁၁.၂၀၂၆
Written by NYL

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံလူ့အခွင့်အရေးနှင့် ပတ်သက်သည့် ဆုံးဖြတ်ချက်အဆို (A/C.3/81/L.42/Rev.1) သည် ပကတိမြေပြင်အခြေအနေကို ထင်ဟပ်ခြင်းမရှိသဖြင့် မြန်မာနိုင်ငံက လုံးဝလက်မခံ ပယ်ချကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက နိုဝင်ဘာ ၂၀ ရက်၊ နံနက် ၉ နာရီခွဲခန့်တွင် ထုတ်ပြန်လိုက်သည်။

နယူးယောက်မြို့၌ ကျင်းပလျက်ရှိသည့် (၈၁) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံအောက်ရှိ လူမှုရေး၊ လူသားချင်းစာနာထောက်ထားမှုနှင့် ယဉ်ကျေးမှုဆိုင်ရာကော်မတီ (တတိယကော်မတီ)တွင် နိုဝင်ဘာလ ၁၈ ရက်၌ ချမှတ်ခဲ့သည့် မြန်မာနိုင်ငံလူ့အခွင့်အရေးနှင့် ပတ်သက်သည့် ဆုံးဖြတ်ချက်အဆို (A/C.3/81/L.42/Rev.1) သည် ပကတိမြေပြင်အခြေအနေကို ထင်ဟင်ခြင်းမရှိသော ဆုံးဖြတ်ချက်အဆိုတစ်ရပ်ဖြစ်ပြီး သက်ဆိုင်ရာနိုင်ငံ၏ တရားဝင်ကိုယ်စားလှယ် ပါဝင်တက်ရောက်ခြင်းမရှိဘဲ အတည်ပြုချမှတ်ခဲ့ခြင်းဖြစ်သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကုလသမဂ္ဂတွင် နိုင်ငံတစ်နိုင်ငံတည်းကို ဦးတည်ပစ်မှတ်ထားသည့် ဆုံးဖြတ်ချက်အဆို (Country-specific Resolution) ကို တင်သွင်းခြင်းဖြင့် အဖွဲ့ဝင်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းနှင့် နိုင်ငံရေးအရအမြတ်ထုတ်ခြင်း (Politicized) တို့ကို ရှောင်ရှားရန်အတွက် လူ့အခွင့်အရေးအခြေအနေ ပုံမှန်သုံးသပ်သည့် လုပ်ငန်းစဉ် (UPR) ကို ကျင့်သုံးလျက်ရှိကြောင်း၊ ယင်း UPR လုပ်ငန်းစဉ်သည် လူ့အခွင့်အရေးကာကွယ်ရေးနှင့် မြှင့်တင်ရေးဘာသာရပ်နှင့်ပတ်သက်၍ အဖွဲ့ဝင်နိုင်ငံများ၏ မြေပြင်အခြေအနေ၊ နိုင်ငံအခြေအနေ၊ လူ့အခွင့်အရေးဆိုင်ရာ လိုက်နာဆောင်ရွက်နေမှုများကို သိရှိနိုင်ရန်နှင့် ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရန်အတွက် အသင့်လျော်ဆုံးသော ယန္တရားဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သို့ရာတွင် နိုင်ငံအချို့အနေဖြင့် လူ့အခွင့်အရေးကိစ္စရပ်ကို နိုင်ငံရေးသွတ်သွင်းလိုခြင်းနှင့် ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်လိုခြင်းတို့ကြောင့် အချက်အလက်ခိုင်မာမှုမရှိသည့် တစ်ဖက်သတ်သတင်းများ/ အစီရင်ခံစာများ၊ လုပ်ကြံပြောဆိုမှုများပေါ်မူတည်၍ ကာယကံရှင်နိုင်ငံ၏ သဘောဆန္ဒပါဝင်ခြင်း မရှိသော နိုင်ငံတစ်နိုင်ငံတည်းအပေါ် ဦးတည်သည့် ဆုံးဖြတ်ချက် အဆို (Country-specific Resolution) များကို တင်သွင်းချမှတ်ရေး ဆက်လက်ဆောင်ရွက်နေဆဲဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ထို့ကြောင့် မြန်မာနိုင်ငံအနေဖြင့် ပကတိမြေပြင်အခြေအနေကို ထင်ဟပ်ခြင်းမရှိသည့် ယင်းဆုံးဖြတ်ချက်အဆို (A/C.3/81/L.42/Rev.1) တစ်ရပ်လုံးနှင့် ယင်းတွင်ဖော်ပြထားသည့်အချက်များကို ပါဝင်ပတ်သက်ခြင်းမရှိကြောင်း (dissociate) နှင့် လုံးဝလက်မခံပယ်ချပါကြောင်း ဖော်ပြပြီး မြန်မာနိုင်ငံ၏ အခြေအနေမှန်များကို နားလည်ပြီး ရပ်တည်ပံ့ပိုးသည့် မိတ်ဆွေနိုင်ငံများကို ကျေးဇူးတင်ရှိကြောင်းကိုလည်း ဖော်ပြကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်။

မူရင်းသတင်း — Myanmar Transparency News