
တရုတ်နိုင်ငံ ရှန်ကျန်းမြို့တွင် နိုဝင်ဘာ ၁၉ ရက်က အမေရိကန်သမ္မတဒေါ်နယ်ထရန့်၊ တရုတ်သမ္မတရှီကျင်းပင်နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ သုံးပွင့်ဆိုင် အစည်းအဝေးပြုလုပ်ခဲ့ပြီးနောက် ငြိမ်းချမ်းရေးသို့ ဦးတည်သည့် ကြေညာစာတမ်း (Declaration toward Peace) ကို ထုတ်ပြန်ခဲ့သည်။
အဆိုပါပူးတွဲကြေညာချက်တွင် နိုင်ငံတစ်နိုင်ငံ၏ သဘောတူညီမှုဆိုင်ရာ မူဝါဒနှင့် နိုင်ငံတော်အဆင့် တာဝန်ရှိသူများ၏ ကင်းလွတ်ခွင့်များကို လေးစားလိုက်နာခြင်းသည် အထူးအရေးကြီးကြောင်း အသိအမှတ်ပြုထားပြီး၊ ICC နှင့် အလားတူအဖွဲ့အစည်းများအနေဖြင့် ၎င်းတို့၏ တရားစီရင်ပိုင်ခွင့်ကို အလွဲသုံးစား မပြုလုပ်သင့်ကြောင်း သဘောတူညီခဲ့ကြသည်။
လက်ရှိတွင် ရုရှားသမ္မတ ပူတင်သည် ICC ၏ ဖမ်းဝရမ်းထုတ်ခံထားရသူဖြစ်ပြီး ထရန့်အစိုးရအဖွဲ့ကလည်း အဆိုပါတရားရုံးကို တစ်စစီ ဖြိုဖျက်ပစ်မည်ဟု ပြောကြားထားသည်။
ထို့ပြင် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို ပိုမိုထိရောက်စွာ တုံ့ပြန်နိုင်ရန်နှင့် နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုသည့် အခြေခံရည်မှန်းချက်နှင့်အညီ ကုလသမဂ္ဂ UN ကို ပြုပြင်ပြောင်းလဲသွားရန် သန္နိဋ္ဌာန်ချထားကြောင်းလည်း ခေါင်းဆောင်သုံးဦးက ပြောကြားခဲ့သည်။
သန့်စင်ပြီး ရေနံထွက်ပစ္စည်းများ ထုတ်လုပ်မှုနှင့် ထောက်ပံ့ဖြန့်ဖြူးမှုကို တိုးမြှင့်သွားရန် စီစဉ်ထားကြောင်းနှင့် တည်ငြိမ်သော စွမ်းအင်စီးဆင်းမှု၏ အရေးပါပုံကို ထပ်လောင်းအတည်ပြုကြောင်း ပူးတွဲကြေညာချက်တွင် ဖော်ပြထားသည်။
ယင်းထိပ်သီးအစည်းအဝေးသည် ခေါင်းဆောင်သုံးဦးအနေဖြင့် ယူကရိန်းအစိုးရ သို့မဟုတ် ဥရောပကို ကျော်လွန်ပြီး ယူကရိန်းအပေါ် သက်ရောက်မှုရှိစေမည့် ဆုံးဖြတ်ချက်များ ချမှတ်ခြင်းဖြင့် ကမ္ဘာကြီးကို ၎င်းတို့၏ ဩဇာလွှမ်းမိုးမှု နယ်ပယ်များအဖြစ် ခွဲဝေယူရန် ကြိုးပမ်းနေခြင်းဖြစ်နိုင်သည်ဟူသော စိုးရိမ်မှုများကို မြင့်တက်စေခဲ့သည်။
သို့သော် အမေရိကန် အထူးသံတမန် ဂျရတ် ကုရှ်နာ၏ ပြောကြားချက်အရ သမ္မတ ထရန့်သည် ဥရောပကို ၎င်းဘက်တွင် ထားရှိပြီး ယူကရိန်းအရေး သဘောတူညီချက်တစ်ရပ် ရယူလိုကြောင်း ပြောဆိုခဲ့သည်ဟု သိရသည်။
ယူကရိန်းအရေးကို ဆွေးနွေးမည့်အစီအစဉ်တွင် ထည့်သွင်းထားခြင်းမရှိကြောင်း အမေရိကန်ဘက်က ကနဦးတွင် အရိပ်အမြွက် ပြောကြားခဲ့သော်လည်း နောက်ပိုင်းတွင် အဆိုပါစစ်ပွဲအကြောင်း ပါဝင်မည်ဟု သမ္မတ ထရမ့်က ပြောကြားခဲ့သည်။ သမ္မတ ရှီကမူ ယင်းပဋိပက္ခကို တရုတ်နိုင်ငံက ဖြေရှင်းရမည့် ပြဿနာတစ်ရပ်အဖြစ် ရှုမြင်ထားခြင်း မရှိပေ။
ထို့ပြင် အမေရိကန်နှင့် ရုရှားကြားချုပ်ဆိုထားသည့် နျူကလီးယားလက်နက်လျှော့ချရေးဆိုင်ရာ စာချုပ်သည် ဖေဖော်ဝါရီလအတွင်း သက်တမ်းကုန်ဆုံးသွားပြီးနောက် အီရန်စစ်ပွဲနှင့် နျူကလီးယားလက်နက် ဖျက်သိမ်းရေးတို့ကိုလည်း ဆွေးနွေးမည့် ခေါင်းစဉ်များအဖြစ် အမေရိကန်က အသိပေးပြောကြားခဲ့သည်။
တရုတ်အစိုးရကမူ ၎င်း၏ ပမာဏနည်းပါးသည့် နျူကလီးယားလက်နက်သိုလှောင်မှုနှင့် ပတ်သက်ပြီး ဆွေးနွေးရန် သဘောမတူမီ အမေရိကန်နှင့် ရုရှားတို့က ၎င်းတို့၏ ကြီးမားလှသော နျူကလီးယားလက်နက်များကို ဦးစွာလျှော့ချရမည်ဟု ကာလရှည်ကြာ ရပ်တည်ပြောဆိုထားသည်။
နောက်ဆုံးထုတ်ပြန်သည့် ကြေညာချက်တွင်မူ နိုင်ငံများအနေဖြင့် နျူကလီးယား အန္တရာယ်များ လျှော့ချရေးနှင့် နျူကလီးယားလက်နက် ပြန့်ပွားမှု တားဆီးရေးဆိုင်ရာ ဆွေးနွေးပွဲတစ်ရပ်ကို ပြုလုပ်သွားမည်ဟု ဖော်ပြထားသည်။
ထို့ကြောင့် ထရန့်၊ ပူတင်နှင့် ရှီတို့ထုတ်ပြန်ခဲ့သည့် ငြိမ်းချမ်းရေးသို့ ဦးတည်သည့် ကြေညာစာတမ်းကို ပြန်လည်သုံးသပ်ကြည့်မည်ဆိုပါက အဓိကအချက်လေးချက်ကို ဦးစားပေးဖော်ပြထားသည်ကို အောက်ပါအတိုင်း တွေ့ရမည်ဖြစ်သည်။
၁။ ကုလသမဂ္ဂ ပြုပြင်ပြောင်းလဲရေး- ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို ပိုမိုကောင်းမွန်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ရန်အတွက် ကုလသမဂ္ဂကို ပြုပြင်ပြောင်းလဲသွားရန် ကတိပြုထားသည်။
၂။ စွမ်းအင်နှင့် ရေနံကဏ္ဍ- သန့်စင်ပြီး ရေနံထွက်ပစ္စည်း ထုတ်လုပ်မှုကို တိုးမြှင့်သွားရန်နှင့် ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်စီးဆင်းမှု တည်ငြိမ်စေရန် အာမခံဆောင်ရွက်သွားမည်ဟု ကတိကဝတ်ပြုထားသည်။
၃။ နိုင်ငံတော်အဆင့် ကင်းလွတ်ခွင့်နှင့် ICC- နိုင်ငံတစ်နိုင်ငံ၏ သဘောတူညီမှုနှင့် နိုင်ငံတော်အဆင့် တာဝန်ရှိသူများ၏ ကင်းလွတ်ခွင့်များကို အလေးပေးဖော်ပြထားပြီး၊ နိုင်ငံတကာရာဇဝတ်တရားရုံး (ICC) ကဲ့သို့သော အဖွဲ့အစည်းများက ၎င်းတို့၏ လုပ်ပိုင်ခွင့်ထက် ကျော်လွန်လုပ်ဆောင်ခြင်း မပြုရန် သတိပေးထားသည်။
၄။ နျူကလီးယား အန္တရာယ်နှင့် လက်နက်မပြန့်ပွားရေး- နျူကလီးယားစစ်ပွဲတွင် အနိုင်ရရှိသူ မရှိနိုင်ကြောင်း ထပ်လောင်းအတည်ပြုထားပြီး၊ နျူကလီးယား အန္တရာယ်များ လျှော့ချရန်နှင့် လက်နက်ပြန့်ပွားမှု တားဆီးရန် ဆွေးနွေးမှုများ ဆက်လက်ပြုလုပ်သွားမည်ဟု ကတိပြုထားသည်။
Ref: AFP