
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်
တရုတ်၊ အမေရိကန်နဲ့ ရုရှားတို့ဟာ ကြာသပတေးနေ့က ပထမဆုံးအကြိမ် သုံးနိုင်ငံထိပ်သီးတွေ့ဆုံပြီး “ငြိမ်းချမ်းရေး ကြေညာချက်” ထုတ်ပြန်ခဲ့ပါတယ်။ ထိပ်သီးခေါင်းဆောင်တွေက နျူကလီးယားစစ်ပွဲဟာ အနိုင်ရနိုင်တဲ့စစ်ပွဲ မဟုတ် သလို ဘယ်တော့မှ မဖြစ်ပွားသင့်ဘူးလို့ ပြန်လည်အတည်ပြုခဲ့ပေမဲ့ ထရမ့်က အချိန်ကြာမြင့်စွာ လိုလားခဲ့တဲ့ နျူကလီးယားလက်နက် လျှော့ချရေး ဆွေးနွေးပွဲတွေ စတင်မယ့်အစီအစဉ်ကိုတော့ မကြေညာခဲ့ပါဘူး။
တရုတ်သမ္မတ ရှီကျင့်ဖျင်၊ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ ထုတ်ပြန်တဲ့ ပူးတွဲ ကြေညာချက်ဟာ အာရှခရီးစဉ် ၃ ရက်အတွင်း ထရမ့်ရဲ့ နောက်ဆုံးတွေ့ဆုံမှု ဖြစ်ပါတယ်။ ဒါပေမဲ့ ခရီးစဉ်အတွင်း လက်တွေ့ကျတဲ့ အောင်မြင်မှုအနည်းငယ်သာ ရရှိခဲ့ပြီး ထရမ့်က သမိုင်းဝင်အောင်မြင်မှုတွေနဲ့ ငြိမ်းချမ်းရေးဖော်ဆောင် နိုင်ခဲ့တယ်လို့ ထပ်ခါတလဲလဲ ပြောဆိုခဲ့ပါတယ်။
ခေါင်းဆောင် ၃ ဦးက ကုလသမဂ္ဂ ပြုပြင်ပြောင်းလဲရေးကို မြှင့်တင်ဖို့၊ နိုင်ငံအားလုံးအတွက် လောင်စာ ဆီထောက်ပံ့မှု တိုးမြှင့်ဖို့နဲ့ နိုင်ငံတကာတရားရုံးတွေမှာ နိုင်ငံ့အရာရှိတွေ ရရှိထားတဲ့ တရားစွဲဆိုခံရမှု ကင်းလွတ်ခွင့်ကို ထိန်းသိမ်းဖို့ သဘောတူခဲ့ပါတယ်။ ဒါပေမဲ့ ယူကရိန်းစစ်ပွဲနဲ့ အမေရိကန်-အီရန် ပဋိပက္ခအကြောင်းကိုတော့ ကြေညာချက်မှာ ထည့်သွင်းဖော်ပြထားခြင်း မရှိပါဘူး။
ပူတင်က ဒီသဘောတူညီချက်မှာ ရည်မှန်းချက်ကြီးကြီးမားမား မပါဝင်သလို ဆုံးဖြတ်ချက်တွေကို ဘယ်နိုင်ငံကိုမှ လိုက်နာဖို့ အတင်းအကျပ် မလုပ်နိုင်ဘူးလို့ ပြောပါတယ်။ နျူကလီးယားအန္တရာယ် လျှော့ချရေးနဲ့ နျူကလီးယား လက်နက် မပြန့်ပွားရေးအတွက် ဆွေးနွေးသွားမယ်လို့ ဆိုပေမဲ့ အချိန်ဇယားကိုတော့ မသတ်မှတ်ထားပါဘူး။
ထရမ့်က ပူတင်ကို “ကျွန်တော့်သူငယ်ချင်း” လို့ ခေါ်ဆိုခဲ့ပြီး ရှီကျင့်ဖျင်ကလည်း သူ့ကို ဖက်လှဲတကင်းနှုတ်ဆက်ခဲ့ ပါတယ်။ ထရမ့်က ရှီကျင့်ဖျင်ကိုလည်း သူငယ်ချင်းနဲ့ “အံ့သြစရာ ကောင်းတဲ့ခေါင်းဆောင်” လို့ ခေါ်ခဲ့ပြီး ထိပ်သီး တွေ့ဆုံမှုဟာ “၁၀ မှာ ၁၂ ရမှတ်” ရခဲ့တယ်လို့ ပြောပါတယ်။
တစ်ဖက်မှာတော့ အမေရိကန် ဒီမိုကရက်တစ်အမတ် ချားလ်စ်ရှူးမားက ဒီထိပ်သီးအစည်းအဝေးဟာ “သမိုင်းဝင် အရှက်ရစရာ” ဖြစ်တယ်လို့ ဝေဖန်ခဲ့ပါတယ်။ လက်နက်ထိန်းချုပ်ရေးအသင်းမှ ဒါရယ်ကင်ဘောလ်က နျူကလီးယား စစ်ပွဲ မဖြစ်သင့်ဘူးဆိုတဲ့ အတည်ပြုချက်ကို ကြိုဆိုပေမယ့် စကားလုံးတွေသာမက လက်တွေ့လုပ်ဆောင်မှုတွေ လိုအပ်တယ်လို့ ပြောပါတယ်။
ဥရောပနိုင်ငံတွေကလည်း ဘာလင်မှာ ယူကရိန်းကို ထောက်ခံဖို့ တွေ့ဆုံခဲ့ပြီး သူတို့မပါဘဲ ငြိမ်းချမ်းရေးသတ်မှတ်ချက် တွေ ချမှတ်တာကို လက်မခံနိုင်ကြောင်း ပြောပါတယ်။ ဂျာမနီဝန်ကြီးချုပ် ဖရီးဒရစ် မာ့ဇ်က “ယာလ်တာပုံစံ” ထိပ်သီး တွေ့ဆုံမှုက ငြိမ်းချမ်းရေးရစေမှာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။
ရှန်ကျန်းမြို့က ရေကန်အနီး တောအုပ်တောင်ကုန်းတွေကြားရှိ ဗီလာတစ်ခုမှာ တွေ့ဆုံခဲ့ကြတဲ့ ထရမ့်၊ ရှီကျင့်ဖျင်နဲ့ ပူတင်တို့ရဲ့ ထိပ်သီးအစည်းအဝေးဟာ ပူတင်အတွက် သံတမန်ရေးအရ အောင်မြင်မှုတစ်ခု ဖြစ်ခဲ့ပြီး ရုရှားအပေါ် အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့အရေးယူမှုတွေ ဆက်ရှိနေချိန်မှာ နိုင်ငံတကာမှာ ပြန်လည်ယုံကြည်လက်ခံမှု ရရှိစေခဲ့ တယ်လို့ လေ့လာသူတွေက သုံးသပ်ပါတယ်။
Ref – Reuters