သက်တံ့
၂၀. ၁၁. ၂၀၂၆
Daraxonrasib ဆေးဝါးဖြင့် စမ်းသပ်ကုသမှုတွင် အကျိတ်များ ပျောက်ကွယ်သွားသည်ကို တွေ့ရှိရပြီးနောက် ယင်းကို ဆယ်စုနှစ်များစွာအတွင်း ပန်ကရိယကင်ဆာကုသမှု၌ အကြီးမားဆုံး အောင်မြင်မှုတစ်ခုအဖြစ် ပညာရှင်များက တင်စားခေါ်ဝေါ်နေကြသည်။
အဆိုပါ နေ့စဉ်သောက်ဆေးသည် အသက်အန္တရာယ် အစိုးရိမ်ရဆုံးနှင့် ကုသရန် အခက်ခဲဆုံး ကင်ဆာရောဂါတစ်မျိုးဖြစ်သည့် ပန်ကရိယကင်ဆာကို ခံစားနေရသော လူနာအချို့တွင် အကျိတ်များကို ကျုံ့သွားစေပြီး လုံးဝပျောက်ကွယ်သွားစေနိုင်ဖွယ် ရှိနေသည်ဟု သိရသည်။
ကနဦး ဆေးဘက်ဆိုင်ရာ စမ်းသပ်မှုများတွင် Daraxonrasib ဆေးဝါးကို ကင်ဆာဆေးသွင်းကုသမှု (Chemotherapy) နှင့် တွဲဖက်ပေးခဲ့ရာ လူနာ ၁၂ ဦးလျှင် ၁ ဦး၌ စကင်န် (scans) ဖတ်ရှုစစ်ဆေးရာတွင် ကင်ဆာဆဲလ်များကို ရှာမတွေ့တော့သည့် အခြေအနေသို့ ရောက်ရှိခဲ့သည်။
ခန္ဓာကိုယ်၏ အခြားအစိတ်အပိုင်းများသို့ ပျံ့နှံ့နေပြီဖြစ်သော အဆင့်မြင့် ပန်ကရိယကင်ဆာရောဂါ ရှိနေကြောင်း မကြာသေးမီက စစ်ဆေးတွေ့ရှိထားသည့် စမ်းသပ်မှုပါဝင်သူ ၆၁ ဦးစလုံးနီးပါး၌ အကျိတ်များ ဆက်လက်ကြီးထွားခြင်း ရပ်တန့်သွားခဲ့သည်ဟုလည်း သိရသည်။
သို့သော်လည်း ယင်းဆေးဝါးသည် ရောဂါကို မည်မျှကြာကြာ ထိန်းချုပ်ထားနိုင်မည်ကို သိရှိရန် အချိန်များစွာ လိုအပ်နေသေးပြီး ရောဂါအမြစ်ပြတ် ပျောက်ကင်းစေသည့် ဆေး (Cure) အဖြစ် မရှုမြင်သင့်သေးကြောင်း ဆရာဝန်များက အလေးအနက် ပြောကြားထားပါသည်။
ဆယ်စုနှစ်များစွာအတွင်း အကြီးမားဆုံး ခုန်ပျံကျော်လွှားမှု
ဗြိတိန် ကင်ဆာသုတေသနအဖွဲ့ (Cancer Research UK) က ယင်းကို ပန်ကရိယကင်ဆာ လူနာများအတွက် “ဆယ်စုနှစ်များစွာအတွင်း အကြီးမားဆုံး ခုန်ပျံကျော်လွှားမှု”ဟု ခေါ်ဆိုခဲ့သည်။
အဆိုပါ ပရဟိတအဖွဲ့မှ ဒေါက်တာ Sam Godfrey က ယခုရလဒ်များသည် မယုံနိုင်လောက်အောင် စိတ်လှုပ်ရှားစရာ ကောင်းကြောင်း BBC News သို့ ပြောကြားခဲ့သည်။
“ဒီဆေးသစ် လုပ်ဆောင်နိုင်ခဲ့တာကတော့ ဆေးဝါးနဲ့ ကုသလို့မရနိုင်ဘူးလို့ သတ်မှတ်ထားတဲ့ အရာကို ကုသနိုင်မယ့် နည်းလမ်းတစ်ခု ရှာတွေ့ခဲ့တာပါပဲ” ဟု ၎င်းက ဆိုခဲ့သလို “အချိန်အတော်ကြာ စောင့်မျှော်နေခဲ့ရတဲ့ ပန်ကရိယကင်ဆာ ကုသရေး တိုးတက်မှုကို ကျွန်တော်တို့ နောက်ဆုံးမှာ စတင်မြင်တွေ့နေရပါပြီ”ဟုလည်း ပြောခဲ့သည်။
ပန်ကရိယကင်ဆာသည် ကုသရန် အလွန်ခက်ခဲပြီး ဗြိတိန်နိုင်ငံရှိ အဖြစ်များသော ကင်ဆာရောဂါများ အားလုံးအနက် အသက်ရှင်သန်နိုင်မှုနှုန်း အနိမ့်ဆုံး ဖြစ်သည်။ ကင်ဆာဆေးသွင်းကုသမှု (Chemotherapy) သည် အကျိတ်များကို အနည်းငယ် ကျုံ့သွားစေနိုင်သော်လည်း ကင်ဆာသည် မကြာခဏ ပြန်လည်ကြီးထွားလာတတ်သည်။ ရောဂါအဆင့်မြင့်နေပြီဖြစ်သော လူနာအများစုမှာ နှစ်နှင့်ချီ၍ အသက်မရှင်နိုင်ဘဲ လပိုင်းမျှသာ အသက်ရှင်နိုင်ကြသည်။
Daraxonrasib က ကင်ဆာကို အပြီးတိုင် မရပ်တန့်နိုင်သည့်တိုင် ယခုကုသမှုအသစ်ကြောင့် လူနာများအတွက် အသက်ရှင်သန်ချိန် ပိုမိုရရှိစေမည်ဟု ဆရာဝန်များက မျှော်လင့်ထားကြသည်။ စမ်းသပ်မှုတွင် လူနာများကို ပျမ်းမျှအားဖြင့် တစ်နှစ်ခွဲကြာ စောင့်ကြည့်လေ့လာခဲ့ရာ အချို့လူနာများတွင် ထိုအချိန်ကာလအတွင်း ကင်ဆာပြန်လည်ဖြစ်ပွားခြင်း မရှိသည်ကို တွေ့ရှိခဲ့ရသည်။ သို့သော် ယင်းကင်ဆာများကို ရောဂါသက်သာ ပျောက်ကင်းသည့် အခြေအနေ (Remission) သို့ ရောက်ရှိစေနိုင်ခြင်း ရှိ၊ မရှိနှင့် မည်မျှကြာကြာ ထိန်းထားနိုင်မည်ကို နားလည်သိရှိနိုင်ရန် အချိန်ပိုကြာမြင့်သော လေ့လာမှုများ လိုအပ်နေသည်။
အဆင့် ၁/၂ (Phase I/II) စမ်းသပ်မှု ရလဒ်များအရ လူနာ ၉၀ ရာခိုင်နှုန်းတွင် အကျိတ်များ ဆက်လက်ကြီးထွားခြင်း ရပ်တန့်သွားခဲ့သည်။ လူနာ ၆၀ ရာခိုင်နှုန်းကျော်တွင် အကျိတ်များ ကျုံ့သွားခြင်း သို့မဟုတ် ပျောက်ကွယ်သွားခြင်းကို တွေ့ရှိခဲ့ရသည်။ လူနာ ၈ ရာခိုင်နှုန်းခန့် (သို့မဟုတ် ၁၂ ဦးလျှင် ၁ ဦး) တွင် CT စကင်န်များ၌ အကျိတ်များကို ရှာမတွေ့နိုင်တော့သည်အထိ ဖြစ်ခဲ့သည်။
အသက်ရှင်သန်ချိန် ပိုမိုရှည်ကြာလာခြင်း
အမေရိကန်ပြည်ထောင်စု Memorial Sloan Kettering ကင်ဆာစင်တာမှ စမ်းသပ်မှုတွင် ပါဝင်သူ ဒေါက်တာ Wungki Park က လက်ရှိအချိန်အထိ ရရှိထားသော ရလဒ်များမှာ အလွန်အားရဖွယ်ကောင်းကြောင်း ပြောကြားခဲ့သည်။
“အကျိတ်တုံ့ပြန်မှု ရာခိုင်နှုန်း ပိုမိုမြင့်မားလာတာတင် မကဘဲ ပိုမိုနက်ရှိုင်းတဲ့ တုံ့ပြန်မှုတွေနဲ့ ရောဂါထိန်းချုပ်နိုင်တဲ့ ကြာချိန် နှစ်ဆနီးပါး တိုးလာတာကို ကျွန်တော်တို့ စတင်မြင်တွေ့နေရပါပြီ။ ဒါဟာ နောက်ဆုံးမှာ အသက်ရှင်သန်ချိန် ပိုမိုရှည်ကြာလာမှုအဖြစ် ပြောင်းလဲသွားနိုင်ပါတယ်” ဟု ၎င်းက ဆိုသည်။
Daraxonrasib သည် အမေရိကန်ပြည်ထောင်စုတွင် အတည်ပြုချက် ရရှိထားပြီးဖြစ်သော KRAS ဟန့်တားဆေး (KRAS inhibitor) ကုထုံးတစ်မျိုး ဖြစ်သည်။ ယင်းဆေးသည် ပန်ကရိယကင်ဆာ အများစုတွင် တွေ့ရပြီး အကျိတ်ကြီးထွားမှုကို တွန်းအားပေးသည့် RAS ဟုခေါ်သော မျိုးဗီဇပြောင်းလဲမှု (Mutations) အချို့ကို ဖမ်းယူပိတ်ဆို့ခြင်းဖြင့် အလုပ်လုပ်ပေးသည်ဟု သိရသည်။
အဆုတ်ကင်ဆာနှင့် သားအိမ်ကင်ဆာ အပါအဝင် အခြားကင်ဆာ အမျိုးပေါင်းများစွာတွင်လည်း အလားတူ မျိုးဗီဇပြောင်းလဲမှုများ ရှိနိုင်သောကြောင့် ယင်းဆေးဝါးသည် အခြားလူနာ အမြောက်အမြားကိုလည်း အထောက်အကူ ပြုနိုင်ဖွယ်ရှိနေသည်။
ဒေါက်တာ Godfrey က “ပန်ကရိယကင်ဆာမှာ ကျွန်တော်တို့ စတင်မြင်တွေ့နေရတဲ့ ဒီကနဦး အောင်မြင်မှုကို တခြားကင်ဆာရောဂါတွေအတွက်ပါ တိုးချဲ့အသုံးပြုနိုင်လိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်” ဟု ပြောကြားခဲ့သည်။
ယင်းအပြင် အချိန်ပိုကြာမြင့်သော စမ်းသပ်မှုများနှင့် ရလဒ်များသည် အလွန်အရေးကြီးကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
“ကင်ဆာဆိုတာ ပြန်ဖြစ်လာနိုင်ပါတယ်။ စကင်န်တွေမှာ ကင်ဆာလက္ခဏာ မပြတော့ဘူးဆိုရင်တောင် အချိန်အတိုင်းအတာတစ်ခု ထပ်မံမကုန်ဆုံးမချင်း ကင်ဆာကင်းစင်သွားပြီလို့ သေချာပေါက် မပြောနိုင်သေးပါဘူး”ဟု ဒေါက်တာ Godfrey က ဆိုသည်။
ယခုသုတေသနလုပ်ငန်းကို အခြားဆရာဝန်များထံ တင်ပြနေသည့် EORTC ဟုခေါ်သော ဥရောပ ကင်ဆာညီလာခံ၏ ဥက္ကဋ္ဌ ပါမောက္ခ Elena Garralda က “ဒီရလဒ်တွေဟာ စိတ်လှုပ်ရှားစရာ ကောင်းပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီပေါင်းစပ်ကုထုံးဟာ အကျိတ်တွေ ပြန်လည်စတင်ကြီးထွားလာမယ့် အချိန်ကို ဆွဲဆန့်ပေးနိုင်သလို လူနာတွေရဲ့ အလုံးစုံ အသက်ရှင်သန်နိုင်မှုကိုလည်း သိသိသာသာ တိုးတက်ကောင်းမွန်စေနိုင်တာကို ပြသနေလို့ပါပဲ” ဟု ပြောကြားခဲ့သည်။
ဗြိတိန် ကင်ဆာသုတေသနအဖွဲ့၏ အချက်အလက်များအရ ဗြိတိန်နိုင်ငံတွင် နှစ်စဉ် ပန်ကရိယကင်ဆာရောဂါ ဖြစ်ပွားသူ ၁၁,၅၀၀ ဦး ရှိပြီး သေဆုံးသူ ၁၀,၂၀၀ ဦးခန့် ရှိနေသည်။
Ref: BBC