
တောင်ငူမြို့၌ ကျင်းပမည့် ကေတုမတီ (တောင်ငူ) မြို့တည်နန်းတည် ၅၁၆ နှစ်ပြည့်ပွဲတော်တွင် အဆိုတော်များနှင့် အနုပညာရှင် ၂၅ ဦးခန့်အပြင် တောင်ငူမြို့ခံအဆိုတော်များပါဝင်သည့် ဖျော်ဖြေရေးအစီအစဉ်များဖြင့် ဖျော်ဖြေသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါဖျော်ဖြေရေးအစီအစဉ်များကို နိုဝင်ဘာ ၂၄ ရက် (တန်ဆောင်မုန်းလပြည့်) ညတွင် တောင်ငူမြို့မုခ်ဦးရှေ့ရှိ ဗဟိုမဏ္ဍပ်နှင့် မြို့တွင်းလမ်းများ၌ လှည့်လည်ဖျော်ဖြေမည့် စတိတ်ရှိုးကားများဖြင့် တစ်ပြိုင်နက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
တောင်ငူမြို့မုခ်ဦးရှေ့ရှိ ဗဟိုမဏ္ဍပ်တွင် Sound Square Music Band နှင့်အတူ အောင်ထက်၊ စိုးသူ၊ သားငယ်၊ နီနီခင်ဇော်၊ ပိုပို၊ ဆုထက်လှိုင်၊ ချမ်းမြေ့မောင်ချို၊ ဟိန်းဝေယံ၊ ယုယျသံစဉ်၊ စိုးပြည့်သဇင်နှင့် ကလုန်းတို့အပါအဝင် ဒေသခံအဆိုတော်များကလည်း သီဆိုဖျော်ဖြေသွားမည်ဖြစ်သည်။
ထို့ပြင် မြို့တွင်းလှည့်လည်ဖျော်ဖြေမည့် စတိတ်ရှိုးကားပေါ်တွင် ကျော်ကျော်ဗိုလ်၊ ငြိမ်းသော်၊ မေသဉ္ဇာဦး၊ ချောရတနာ၊ ချူးလေး၊ မိုးပြည့်ပြည့်မောင်၊ ယွန်းရွှေရည်၊ ယမုန်မြင့်မြတ်၊ သံတာမိုးသိမ့်၊ ပွင့်၊ မေသက်ထားဆွေ၊ ဝင်းလဲ့ချယ်ရီ၊ စိုးအောင်နှင့် ကက်သရင်းမီးမီးတို့အပြင် တောင်ငူမြို့ခံအဆိုတော်များ ပါဝင်သည့် ဖျော်ဖြေရေးကားတစ်စီးနှင့် မြို့ပတ်ဖျော်ဖြေရေးကားတစ်စီး စုစုပေါင်းနှစ်စီးဖြင့် ဖျော်ဖြေသွားမည်ဖြစ်ကြောင်း သိရသည်။
တောင်ငူမြို့တွင် မြို့နယ်လုံးဆိုင်ရာ ၉၅ ကြိမ်မြောက် နှစ်ကျိပ်ရှစ်ဆူဘုရားများ ဒေသစာရီလှည့်လည်ပူဇော်ပွဲနှင့် ကေတုမတီ (တောင်ငူ) မြို့တည်နန်းတည် ၅၁၆ နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားများကို နိုဝင်ဘာ ၂၂ ရက်မှ ၂၄ ရက်အထိ ကျင်းပလျက်ရှိရာ တန်ဆောင်မုန်းလဆန်း ၁၃ ရက်ဖြစ်သည့် နိုဝင်ဘာ ၂၂ ရက်ညတွင် တောင်ငူမြို့တွင်းလမ်းများ၌ နှစ်ကျိပ်ရှစ်ဆူဘုရားများ ဒေသစာရီလှည့်လည်အပူဇော်ခံပွဲ ကျင်းပသွားမည်ဖြစ်သည်။
အဆိုပါ နှစ်ကျိပ်ရှစ်ဆူဘုရားများ ဒေသစာရီလှည့်လည်ပူဇော်ပွဲနှင့်အတူ တောင်ငူမြို့၏ တန်ဆောင်တိုင်ကာလ ပွဲတော်အစီအစဉ်များအဖြစ် ကေတုမတီ (တောင်ငူ) မြို့တည်နန်းတည် ၅၁၆ နှစ်ပြည့် အထိမ်းအမှတ်ပွဲကိုလည်း ထည့်သွင်းကျင်းပလျက်ရှိပြီး တောင်ငူမြို့မ မိုင်ဒါကွင်းအတွင်း၌ အောင်ဇဗ္ဗူဇာတ်သဘင်က နိုဝင်ဘာ ၁၉ ရက်မှ ၂၁ ရက်အထိ သုံးညတိုင် ရုံဝင်ကြေးဖြင့် ကပြဖျော်ဖြေလျက်ရှိကြောင်း သိရသည်။
ထို့ပြင် မိုင်ဒါကွင်းအတွင်း၌ပင် နိုဝင်ဘာ ၂၄ ရက် တန်ဆောင်မုန်းလပြည့်ညတွင် ဖိုးချစ်ဇာတ်သဘင်က အခမဲ့ ကပြဖျော်ဖြေသွားမည်ဖြစ်သည်။
တန်ဆောင်မုန်းလပြည့်ညတွင် ဖိုးချစ်ဇာတ်သဘင်၏ ကပြဖျော်ဖြေမှုနှင့်အတူ တောင်ငူမြို့ မုခ်ဦးရှေ့ရှိ ဗဟိုမဏ္ဍပ်ဖျော်ဖြေရေးအစီအစဉ်များနှင့် မြို့တွင်းလှည့်လည်မည့် စတိတ်ရှိုးကားများ၏ ဖျော်ဖြေမှုများကိုလည်း တစ်ပြိုင်နက်ကျင်းပသွားမည်ဖြစ်ပြီး နိုင်ငံကျော်အဆိုတော်နှင့် အနုပညာရှင် ၂၅ ဦးခန့်အပြင် တောင်ငူမြို့ခံအဆိုတော်များပါ ပါဝင်ဖျော်ဖြေသွားမည်ဖြစ်ကြောင်း သိရသည်။
#ကေတုမတီ (တောင်ငူ) မြို့တည်နန်းတည် #အနုပညာရှင်များ ဖျော်ဖြေမည် #တန်ဆောင်မုန်းလပြည့်ည #elevennews