NP News

နည်းပညာပိုင်းဆိုင်ရာချို့ယွင်းမှုကြီးများ ဆက်တိုက်ဖြစ်ပေါ်နေချိန်တွင် ဒေါ်နယ်ထရမ့်က ဆိုက်ဘာအကြီးအကဲကိုရာထူးမှဖယ်ရှား

Pika (NP News)_ နိုဝင်ဘာ ၂၀
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ၎င်း၏အမျိုးသားဆိုက်ဘာရေးရာဒါရိုက်တာရှောင်ကိန်းခရော့စ်ကို ရာထူးမှဖယ်ရှားလိုက်ကြောင်း သတင်းများအရသိရသည်။အဆိုပါဖယ်ရှားမှုသည် အမေရိကန်၏အရေးပါသော အခြေခံအဆောက်အအုံများကို ထိခိုက်စေသည့်နည်းပညာပိုင်းဆိုင်ရာချို့ယွင်းမှုကြီးများ ဆက်တိုက်ဖြစ်ပေါ်နေချိန်တွင် ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ပြီး ယင်းချို့ယွင်းမှုများထဲတွင် အမျိုးသားလုံခြုံရေးအေဂျင်စီ (NSA)၏ လျှို့ဝှက်ဆက်သွယ်ရေးကွန်ရက်တွင် ကြာရှည်စွာ အနှောင့်အယှက်ဖြစ်ပေါ်မှုလည်းပါဝင်ကြောင်းသိရသည်။အိမ်ဖြူတော်အမျိုးသားဆိုက်ဘာရေးရာဒါရိုက်တာရုံးကို ဦးဆောင်ခဲ့သူ ရှောင်ကိန်းခ‌ရော့စ်သည် ဖက်ဒရယ်အစိုးရတစ်ဝန်းလုံးတွင် ဆိုက်ဘာလုံခြုံရေးဆိုင်ရာမူဝါဒများနှင့်မဟာဗျူဟာများကို ညှိနှိုင်းဆောင်ရွက်ရန် တာဝန်ရှိသူတစ်ဦးလည်းဖြစ်သည်။အစောပိုင်းသတင်းများအရ ရှောင်ကိန်းခရော့စ်သည် နောက်ထပ်(၂)နှစ်ဆက်လက်တာဝန်ထမ်းဆောင်မည့်အစား ၎င်း၏ဆန္ဒအလျောက် ရာထူးမှနှုတ်ထွက်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ရေးသားဖော်ပြထားမှုများရှိနေသော်လည်း Axiosသတင်းစာက ရှောင်ကိန်းခရော့စ်၏ ရာထူးမှနှုတ်ထွက်မှုကို နှစ်ဦးနှစ်ဖက် သဘောတူညီမှုဖြင့် အဆင်ပြေစွာပြီးဆုံးခဲ့ခြင်းဟု ရေးသားဖော်ပြခဲ့သည်။သို့သော်လည်း ရှောင်ကိန်းခရော့စ်ကို ရာထူးမှဖယ်ရှားရန် ဒေါ်နယ်ထရမ့်ကိုယ်တိုင်အတည်ပြုခဲ့ခြင်းဖြစ်ကြောင်း ရိုက်တာသတင်းဌာနက ရေးသားဖော်ပြခဲ့သည်။ထို့ပြင် အိမ်ဖြူတော်အကြီးအကဲ စတက်ဖန်မီလာက ရှောင်ကိန်းခရော့စ်ကို ရာထူးမှဖယ်ရှားရန် တွန်းအားပေးခဲ့ခြင်းဖြစ်ပြီး အကြောင်းအရင်းမှာ ၎င်းတွင်ဆိုက်ဘာရေးရာဒါရိုက်တာတာဝန်ကို ထမ်းဆောင်ရန် လိုအပ်သည့် ခိုင်မာသောဆိုက်ဘာနည်းပညာဆိုင်ရာ အရည်အချင်းများမရှိခြင်းကြောင့်ဖြစ်ကြောင်း ပြောဆိုထားသည်။လက်ရှိအချိန်တွင် အိမ်ဖြူတော်က အမေရိကန်စစ်ဌာနချုပ်ပင်တဂွန်၏ အဓိကသတင်းအချက်အလက်ဆိုင်ရာအရာရှိ Kirsten A. Daviesကို ရှောင်ကိန်းခရော့စ်နေရာတွင် ယာယီအစားထိုးခန့်အပ်လိုက်ကြောင်းသိရသည်။ Kirsten A. Daviesသည် အထက်လွှတ်တော်၏အတည်ပြုချက်မရရှိမီကာလအတွင်း ဆိုက်ဘာရေးရာဒါရိုက်တာအဖြစ် ယာယီတာဝန်ထမ်းဆောင်သွားမည်ဖြစ်ကြောင်းသိရသည်။

မူရင်းသတင်း — NP News