Yo Yar Lay

ဆော့ဖ်ဝဲ အားနည်းချက်ကို ကိုယ်တိုင်ရှာဖွေတိုက်ခိုက်နိုင်တဲ့ AI စနစ်တစ်ခု စတင်တွေ့ရှိထားတယ်လို့ ဆို

လူသားတွေ ဝင်ပါစရာမလိုဘဲ ဆော့ဖ်ဝဲလ်အားနည်းချက်တွေကို ကိုယ်တိုင်ရှာဖွေ၊ တိုက်ခိုက်နိုင်တဲ့ AI စနစ်တစ်ခုကို စတင်တွေ့ရှိထားတယ်လို့ Google ရဲ့ ဆိုက်ဘာလုံခြုံရေးပညာရှင်တွေက ပြောပါတယ်။

တနင်္လာနေ့က ထုတ်ပြန်ခဲ့တဲ့ သုံးလပတ်အစီရင်ခံစာထဲမှာ Google ရဲ့ Threat Intelligence Group (TIG) က အခုလို အသိပေးလိုက်တာပါ။ လူသုံးများတဲ့ ဝက်ဘ်ဆိုက်တွေရဲ့ ကုဒ်တွေထဲက အားနည်းချက်တွေကို အလိုအလျောက် လိုက်ရှာပြီး၊ လူသားရဲ့လုပ်ဆောင်ချက်မပါဘဲ ကိုယ်တိုင် တိုက်ခိုက်မှုတွေ လုပ်နိုင်တဲ့ AI စနစ် ဆာဗာတစ်ခုကို သူတို့ ရှာတွေ့ခဲ့တာလို့ ဆိုပါတယ်။

exploit_agent လို့ နာမည်ပေးထားတဲ့ ဒီစနစ်ဟာ ဘယ်ဟက်ကာအဖွဲ့ရဲ့ လက်ချက်လဲဆိုတာကိုတော့ Google က အတိအကျ ထုတ်မပြောပါဘူး။ ဒါပေမဲ့ အဲဒီစနစ်ရဲ့ ဖိုင်တွေထဲမှာ ရုရှားဘာသာစကားနဲ့ ရေးထားတဲ့ မှတ်ချက်တွေကို တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုတွေကြောင့် အသုံးပြုသူတွေရဲ့ ဒေတာအချက်အလက်တွေ ခိုးယူခံခဲ့ရပါတယ်။ ဒါပေမဲ့ ထိခိုက်မှုရှိတဲ့ အဖွဲ့အစည်းတွေနဲ့ ခိုးယူခံရတဲ့ အချက်အလက်တွေ၊ ပျက်စီးဆုံးရှုံးမှု အတိုင်းအတာတွေကိုတော့ Google က ထုတ်ဖော်ပြောကြားခြင်း မရှိပါဘူး။

ဒါပေမဲ့ ပြင်သစ်နိုင်ငံမှ မီဒီယာနဲ့ ဖျော်ဖြေရေးဆိုင်ရာ ဝက်ဘ်ဆိုက်တွေအပြင် ပညာရေးကဏ္ဍ ဝဘ်ဆိုက်တွေကို အဓိက ပစ်မှတ်ထား တိုက်ခိုက်ဖို့ စိတ်ဝင်စားနေပုံရတယ်လို့တော့ Google က ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမှာလည်း ဟက်ကာတွေဟာ AI အကူအညီနဲ့ ဆော့ဖ်ဝဲလ်အားနည်းချက်တွေ ရှာဖွေဖို့ စတင်ကြိုးစားနေကြပြီလို့ TIG က ဖော်ပြခဲ့ဖူးပြီး အခုတော့ တကယ်လက်တွေ့ အသုံးပြုလာတာ ဖြစ်ပါတယ်။

Ref: In a first, Google detects AI-automated cyberattack

NZ (ရိုးရာလေး)

မူရင်းသတင်း — Yo Yar Lay