
Apple ရဲ့ iPhone Duo ဟာ ပြီးခဲ့တဲ့လက ကြိုတင်မှာယူမှုတွေ စတင်ဖွင့်လှစ်ပြီး နာရီပိုင်းအတွင်းမှာပဲ ရောင်းကုန်သွားခဲ့တာကြောင့် အဲဒီနောက်ပိုင်း မှာယူသူတွေအနေနဲ့ ဇန်နဝါရီလကုန်ပိုင်းမှသာ ရရှိမယ့်အခြေအနေ ဖြစ်နေခဲ့ပါတယ်။ ဒီလအစောပိုင်းမှာလည်း ကုမ္ပဏီရဲ့ CEO က ပစ္စည်းပြတ်လပ်မှုတွေ ဆက်ရှိနေဦးမယ်လို့ ပြောကြားခဲ့ပေမယ့် လက်ရှိမှာတော့ အခြေအနေတွေဟာ မျှော်မှန်းထားတာထက် ပိုမိုမြန်ဆန်စွာ တိုးတက်လာနေပါတယ်။

လက်ရှိ အမေရိကန်နိုင်ငံမှာ iPhone Duo ရဲ့ ခန့်မှန်းပို့ဆောင်ရက်တွေဟာ ဇန်နဝါရီလကုန်ကနေ ဒီဇင်ဘာလကုန်ပိုင်းကို ပြောင်းလဲတိုတောင်းလာခဲ့ပါတယ်။ Apple ရဲ့ အမေရိကန်အွန်လိုင်းစတိုးမှာ 256GB မော်ဒယ်ကို မှာယူမယ်ဆိုရင် ဒီဇင်ဘာ ၂၂ ရက်ကနေ ၃၁ ရက်အတွင်း ပို့ဆောင်ပေးမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ သိုလှောင်မှုပမာဏ၊ အရောင် နဲ့ နေထိုင်ရာဒေသအလိုက် ကွာခြားနိုင်သလို စတိုးဆိုင်တွေမှာ ကိုယ်တိုင်သွားရောက်ထုတ်ယူဖို့ကတော့ တချို့ Apple Store တွေမှာ ပစ္စည်းလုံးဝမရှိသေးတာကြောင့် အခက်အခဲရှိနေဆဲ ဖြစ်ပါတယ်။

ဒီလို ပို့ဆောင်ချိန်တွေ မြန်လာတာဟာ Apple ရဲ့ ထုတ်လုပ်မှုတိုးမြှင့်ခြင်းတွေက ဝယ်လိုအားနဲ့ အမီလိုက်နိုင်စပြုလာတဲ့ လက္ခဏာတစ်ခု ဖြစ်ပါတယ်။ ပြီးခဲ့တဲ့လက Apple ဟာ ပစ္စည်းပေးသွင်းသူတွေဆီကနေ iPhone Duo အလုံးရေ ၄၄ ရာခိုင်နှုန်း ပိုမိုမှာယူခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီး ကြိုတင်မှာယူထားသူတွေရဲ့ ပို့ဆောင်ရက်တွေလည်း ရှေ့တိုးလာခဲ့ပါတယ်။ ဒါကြောင့် အားလပ်ရက်ကာလအမီ iPhone Duo ဝယ်ယူလိုသူတွေအတွက် အခုအချိန်ဟာ မှာယူဖို့ အကောင်းဆုံးအချိန် ဖြစ်နိုင်ပါတယ်။
Ref : gsmarena