
သန့်ဇင် (NP News) - နိုဝင်ဘာ ၂၁
အာရှဘောလုံးအဖွဲ့ချုပ် (AFC) ကပေးသည့် အခြေခံလူငယ်ဘောလုံးဖွံ့ဖြိုးတိုးတက်ရေးဆု(Bronze Award ) ကို မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် (MFF) က ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။
အာရှဘောလုံးအဖွဲ့ချုပ်၏ ၂၀၂၆ ခုနှစ် အကောင်းဆုံး ဘောလုံးဆုပေးပွဲအခမ်းအနား (AFC Awards Bangkok 2026) ကို ပြီးခဲ့သည့် နိုဝင်ဘာလ(၁၉) ရက်က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ဆုပေးပွဲအခမ်းအနားတွင် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်(MFF)သည် အခြေခံလူငယ်ဘောလုံး ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် (AFC President's Recognition Award for Grassroots Football - Bronze) ကို ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။
MFF အနေဖြင့် အမျိုးသား အမျိုးသမီးဘောလုံး အကယ်ဒမီများ၊ ဒေသအလိုက် ဘောလုံးလေ့ကျင့်ရေး စင်တာများ၊ သင်တန်းသား (၁,၇၀၀) တက်ရောက်ခဲ့သည့် ဒေသအလိုက် နွေရာသီ အခမဲ့ ဘောလုံးသင်တန်းများ ၊ လူငယ်မျိုးဆက်သစ် ရွေးချယ်ရေးနှင့် လူငယ်ဘောလုံးပွဲတော်များအား ၂၀၂၆ ခုနှစ်အတွင်း ရန်ကုန်သာမက အခြားသော တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင်လည်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အလားတူ ကျောင်းအခြေပြု Football For Schools လှုပ်ရှားမှုများသာမက FIFA Arena ကဲ့သို့ ကစားကွင်းသစ် ဖော်ထုတ်မှုများ၊ ယူ၁၂ အဆင့်မှ ယူ ၁၅ အဆင့်ထိ မျိုးဆက်သစ် ရှာဖွေဖော်ထုတ်ရေး စီမံကိန်းများအား တိုင်းဒေသကြီးနှင့်ပြည်နယ် ဒေသဆိုင်ရာ တာဝန်ရှိသူများ နှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြေင်း သိရသည်။