NP News

အယ်လ်နီညိုဖြစ်စဉ်ကြောင့် မိုးခေါင်ရေရှားခြင်း အပါအဝင် အစွန်းရောက်မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်ဟု မိုးဇလထုတ်ပြန်

စိမ့်စမ်းရေ (NP News) - နိုဝင်ဘာ ၂၁

အယ်လ်နီညိုဖြစ်စဉ်ကြောင့် မိုးခေါင်ရေရှားခြင်းအပါအဝင် အစွန်းရောက်မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ နိုဝင်ဘာ (၂၁) ရက် ထုတ်ပြန်ချက်အရ သိရသည်။

အီကွေတာအနီးရှိ အပူပိုင်းပစိဖိတ်သမုဒ္ဒရာ အရှေ့အလယ်ပိုင်းဒေသတွင် ပင်လယ်ရေမျက်နှာပြင်အပူချိန်သည် ပုံမှန်အပူချိန်ထက် (၂ ဒသမ ၄) ဒီဂရီဆဲလ်စီးယပ်မှ (၂ ဒသမ ၇) ဒီဂရီဆဲလ်စီးယပ်အထိ မြင့်တက်နေပြီး အားအလွန်ကောင်းသော အယ်လ်နီညိုအခြေအနေ ဆက်လက်တည်ရှိနေကြောင်း သိရသည်။
ထို့ပြင် ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ နှင့် ဒီဇင်ဘာလများတွင် အယ်လ်နီညိုဖြစ်စဉ် အမြင့်ဆုံးအခြေအနေသို့ ရောက်ရှိနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အယ်လ်နီညိုဖြစ်စဉ်ကြောင့် မိုးရွာသွန်းမှုပုံစံ မူမမှန်ခြင်း၊ မုန်တိုင်းဖြစ်ပေါ်မှု မူမမှန်ခြင်း၊ အပူချိန်မြင့်တက်ခြင်းနှင့် မိုးခေါင်ရေရှားခြင်းစသည့် အစွန်းရောက်မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်လာနိုင်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် လာမည့်ဆောင်းရာသီနှင့် နွေရာသီကာလများတွင် မြစ်ချောင်း၊ အင်းအိုင်၊ ရေတွင်း နှင့် ရေကန်များ၌ ရေနည်းပါးလာနိုင်သည့်အပြင် သောက်သုံးရေနှင့် စိုက်ပျိုးရေ ပြတ်လပ်မှုများလည်း ဖြစ်ပေါ်လာနိုင်ကြောင်း ဖော်ပြထားသည်။

ထို့ကြောင့် အပူရှပ်ခြင်း၊ ရေဓာတ်ခမ်းခြောက်ခြင်းနှင့် ရေရှားပါးမှုကြောင့် ဝမ်းပျက်ဝမ်းလျှော ရောဂါများ ဖြစ်ပွားနိုင်သည့်အပြင် ရေလှောင်တမံများတွင် ရေဝင်ရောက်မှု နည်းပါးလာပါက ရေအားလျှပ်စစ်ထုတ်လုပ်နိုင်မှု လျော့နည်းပြီး လျှပ်စစ်ဓာတ်အားလိုအပ်ချက် မြင့်တက်လာနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အယ်လ်နီညိုဖြစ်စဉ်၏ အကျိုးသက်ရောက်မှုများကို လျှော့ချနိုင်ရန် သက်ဆိုင်ရာကဏ္ဍများအလိုက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားကြရန်လည်း ဖော်ပြထားသည်။

မူရင်းသတင်း — NP News