Eleven Media Group

အယ်နီညိုကြောင့် မိုးခေါင်မှုအကျပ်အတည်းဖြစ်ပေါ်နေပြီဟု ပစိဖိတ်ကျွန်းနိုင်ငံများက ကြေညာ

အယ်နီညိုမိုးလေဝသဖြစ်စဉ်က လောင်စာပင့်ပေးလိုက်သည့် ပြင်းထန်သော မိုးခေါင်မှုများသည် တောင်ပစိဖိတ်တွင် အကျပ်အတည်း အဆင့်ကို ရောက်နေပြီဟု ဖီဂျီနှင့် တွန်ဂါတို့က ကြေညာခဲ့ကြသည်။

တောင်ပစိဖိတ်ဒေသ၌ မိုးခေါင်မှုသည် အယ်နီညိုပုံစံနှင့် ခိုင်ခိုင်မာမာ ဆက်စပ်နေသည်။ အယ်နီညို ပုံစံများက အပူပိုင်းကျွန်းများကို စိမ်းလန်းစိုပြေစေသော မိုးများကို ရွာသွန်းစေခြင်းမရှိတော့ပေ။

အယ်နီညိုက ပစိဖိတ်သမုဒ္ဒရာ၏ဒေသများတွင် ရေမျက်နှာပြင်အပူချိန်များကို ပူနွေးစေသောကြောင့် ကမ္ဘာတစ်ဝန်း လေ၊ အပူ၊ မိုးတို့တွင် အပြောင်းအလဲများကို ဖြစ်စေခဲ့သည်။

လတ်တလောဖြစ်ပေါ်နေသော အယ်နီညိုသည် စံချိန်တင်အားအကောင်းဆုံး အယ်နီညိုဖြစ်လာမည်ဟု ခန့်မှန်းကြောင်း ပညာရှင်များက သတိပေးထားသည်။

ဖီဂျီအစိုးရက "ဖြစ်ပေါ်နေတဲ့ အယ်နီညို မိုးခေါင်မှုဟာ အကျပ်အတည်းအဆင့်ကို ရောက်နေပါပြီ"ဟု ပြောကြားခဲ့ပြီး တစ်နိုင်ငံလုံး ဘေးအန္တရာယ်အဖြစ် ကြေညာထားရသည်ဟု ဆိုသည်။

"ဖီဂျီနိုင်ငံတစ်ဝန်းက မိသားစုတွေဟာ ရေရနိုင်မှု၊ သူတို့ရဲ့နေ့စဉ်ဘဝအပေါ် ခြောက်သွေ့တဲ့ အခြေအနေတွေအချိန်အကြာကြီးသက်ရောက်မှုတွေကို စိုးရိမ်နေကြပါတယ်"ဟု

ဝန်ကြီးချုပ် စီတီဗီနီရာဘူကာက နိုဝင်ဘာ ၁၈ ရက်တွင် ပြောကြားခဲ့သည်။

လယ်သမားများက သူတို့၏ကောက်ပဲသီးနှံများနှင့် ခြံမွေးတိရစ္ဆာန်များကို ပူပန်နေကြသည်ဟု ဆိုသည်။ အဆိုပါ စိုးရိမ်ပူပန်မှုများသည် အမှန်တကယ်ဖြစ်နေသော အရာများဖြစ်သည်ဟု ဆိုသည်။

တွန်ဂါကလည်းကာလရှည်မိုးခေါင်မှုကြောင့် နိုင်ငံတစ်ဝန်း ရေပြတ်လပ်မှုများဖြစ်ပေါ်နေသောကြောင့် ၂၇ ရက်ကြာ အရေးပေါ်အခြေအနေကို ကြေညာထားသည်။

အရေးပေါ်အခြေအနေကြေညာထားခြင်းကြောင့် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များ ချိတ်ဆက်လုပ်ဆောင်ရာတွင် အထောက်အကူရမည်ဖြစ်ပြီး မိုးခေါင်သည့်နေရာများသို့

အကူအညီများ ပေးပို့ရန် အထောက်အကူဖြစ်စေလိမ့်မည်ဟု တွန်ဂါယာယီဝန်ကြီးချုပ် ဗီလီယာမီလာတူးက ပြောကြားခဲ့သည်။

Ref:AFP

မူရင်းသတင်း — Eleven Media Group