Eleven Media Group

ဧရာဝတီတိုင်း မအူပင် (တောင်) ဒေသရှိ တွင်းအမှတ် ၁၅ တွင် အနက်ပေ ၅၉၀၀ ရှိ သဲကြောမှ သဘာဝဓာတ်ငွေ့ စမ်းသပ်ထုတ်ယူခဲ့ရာ တစ်နေ့လျှင် နှစ်ကုဗပေသန်း ထုတ်ယူရရှိ

ဧရာဝတီတိုင်းဒေသကြီး မအူပင် (တောင်) ဒေသရှိ တွင်းအမှတ် ၁၅ တွင် အနက်ပေ ၅၉၀၀ ရှိ သဲကြောမှ သဘာဝဓာတ်ငွေ့အား စမ်းသပ်ထုတ်ယူခဲ့ရာ တစ်နေ့လျှင် ၂ ကုဗပေသန်း တိုးတက်ထုတ်ယူနိုင်ခဲ့ကြောင်း သိရသည်။

ထို့အတူ တွင်းအမှတ် ၁၇ နှင့် ၁၉ တို့တွင်လည်း သဲကြောများ တိုးချဲ့ရှာဖွေပြီး ဓာတ်ငွေ့ထုတ်ယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်း၊ စက်မှုလုပ်ငန်းများနှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများတွင် အသုံးပြုရန်လိုအပ်မည့် သဘာဝဓာတ်ငွေ့များ တိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် အလားအလာရှိသော ရေနံမြေများတွင် စူးစမ်းရှာဖွေခြင်း၊ ထုတ်ယူနိုင်မည့်ပမာဏကို တိုင်းတာစစ်ဆေးခြင်း၊ အတည်ပြုပြီးနေရာများတွင် တူးဖော်ခြင်း၊ ထုတ်လုပ်ခြင်း၊ တွင်းဟောင်းများပြုပြင်ခြင်း လုပ်ငန်းများဆောင်ရွက်နေသည့်အပြင် နည်းပညာအသုံးပြု၍ သုတေသနပြုလုပ်ပြီး သဲကြောများ တိုးချဲ့ရှာဖွေထုတ်လုပ်ခြင်း၊ ပါးလွှာသောသဲကြောများမှ ထုတ်ယူခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးတို့အတွင်းရှိ ရေနံမြေများတွင် တွင်းသစ်တူးဖော်ခြင်း လုပ်ငန်းများကိုလည်း ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းနှင့် ထွက်ရှိလာသော သဘာဝဓာတ်ငွေ့များအား တိုးမြှင့်တောင်းခံထားသည့် စက်ရုံများသို့ ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group