Myanmar National Post

ရန်ကုန်တိုင်းဒေသကြီး၌ ၂၀၂၆ ခုနှစ်၊ တန်ဆောင်တိုင် MSME ဈေးရောင်းပွဲတော်နှင့် ဂီတဖျော်ဖြေပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ

 


ရန်ကုန် ၊   နိုဝင်ဘာ ၂၁

ရန်ကုန်တိုင်းဒေသကြီး ၂၀၂၆ ခုနှစ်၊ တန်ဆောင်တိုင် MSME ဈေးရောင်းပွဲတော်နှင့် ဂီတဖျော်ဖြေပွဲ ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်တွင်ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ UMFCCI နှင့် ညီနောင်အသင်းများမှ တာဝန်ရှိသူများ၊ စက်မှုဇုန်အသီးသီးမှ တာဝန်ရှိသူများ၊ စက်မှုလုပ်ငန်းရှင် များ၊  MSME လုပ်ငန်းရှင်များ၊ အသေးစား စက်မှုလက်မှုလုပ်ငန်းရှင်များ၊ တိုင်းရင်းသား၊ တိုင်းရင်းသူများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူက အဖွင့်အမှာစကား ပြောကြားသည်။

ထို့နောက် ၂၀၂၆ ခုနှစ်၊ တန်ဆောင်တိုင် MSME ဈေးရောင်းပွဲတော်နှင့် ဂီတဖျော်ဖြေပွဲ အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး မြို့တော်ဝန် ဦးမျိုးမြင့်အောင်၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါက်တာ မျိုးသော်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် တာဝန်ရှိသူများက ဘင်ခရာအဖွဲ့နှင့် တိုင်းရင်းသားရိုးရာ အကအဖွဲ့များက ဖျော်ဖြေတီးခတ် တင်ဆက်ကပြနေမှုများကို ကြည့်ရှုအားပေးပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူက ဖျော်ဖြေရေးအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများ ကို ပေးအပ်သည်။

၎င်းနောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် တာဝန်ရှိသူများက ရန်ကုန်တိုင်းဒေသကြီးနှင့် တိုင်းဒေသကြီး/ ပြည်နယ်များမှ MSME လုပ်ငန်းရှင်များ၏ ဈေးဆိုင်ခန်းများ၊ မြန်မာ့ရိုးရာ ပန်းပညာနှင့် လက်မှုအနုပညာပြခန်း၊ နေရောင်ခြည်စွမ်း အင်အသုံးချ နည်းပညာပြခန်း၊ အလှမွေးငါး အိမ်မွေးတိရစ္ဆာန်၊ တွားသွားသတ္တဝါ၊ အရောင်းပြခန်းစသည်တို့အား လှည့်လည် ကြည့်ရှု အားပေးကြ သည်။

အဆိုပါ ဈေးရောင်းပွဲတော်ကို ယနေ့မှ နိုဝင်ဘာ(၂၄)ရက်နေ့အထိ နေ့စဉ်နံနက်ပိုင်းမှ ည (၁ဝ) နာရီအထိ ရောင်းချပြသသွားမည်ဖြစ်ပြီး  ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များနှင့် MSME လုပ်ငန်းရှင်များအပြင်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ သမဝါယမဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ UMFCCI အသင်းချုပ်နှင့် ပုဂ္ဂလိကအသင်းအဖွဲ့များ ပါဝင်ကြပြီး ကျောင်းသားလူငယ်များ စာဖတ်ရှိန်မြင့်မားစေရန် စာအုပ်အရောင်းဆိုင်များ၊ စားသောက် ဆိုင်ခန်းများနှင့် မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့မှ ပြခန်းများလည်း အပါအဝင်စုစုပေါင်း ဆိုင်ခန်း (၆၀၀)ခန်းကျော်ဖြင့် ဖွင့်လှစ်ရောင်းချလျက်ရှိရာ ပွဲတော်ရက်များအတွင်း အလှူရှင်များက နေ့စဉ်စတုဒီတာ ကျွေးမွေးခြင်းများ၊ ရုပ်ရှင်၊ သဘင်နှင့် ဂီတနယ်ပယ်မှ ကျော်ကြားသည့် အနုပညာရှင်များ၏ ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုခံစားနိုင်မည်ဖြစ်ကာ ပွဲတော်လာပြည်သူများ သွားလာရေး အဆင်ပြေလွယ်ကူစေရန် အကြို/အပို့ကားများ စီစဉ်ဆောင်ရွက်ထားရှိပြီး အလှပန်းခင်းများ၊ အလှမီးများ၊ မီးပုံးပျံလွှတ်တင်ခြင်းနှင့် မီးရှူးမီးပန်းများ ပစ်ဖောက်မည်ဖြစ်၍ မည်သူမဆို ပျော်ရွှင်စွာ လာရောက် ပါဝင် ဆင်နွှဲနိုင်ကြောင်း သိရသည်။

ဇွဲထက်ကို

https://t.me/MyanmarNationalPost

မူရင်းသတင်း — Myanmar National Post