NP News

မြစ်ကြီးနားတွင် မွေးမြူရေးလုပ်ငန်းများ တိုးချဲ့ရန် ငါးမွေးမြူရေးကန်များ တူးဖော်နေ

စိမ့်စမ်းရေ (NP News) - နိုဝင်ဘာ ၂၁

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်တွင် မွေးမြူရေးလုပ်ငန်းများ တိုးချဲ့ရန် ငါးမွေးမြူရေးကန်များ တူးဖော်ဆောင်ရွက်လျက်ရှိကြောင်း ကချင်ပြည်နယ် အစိုးရ၏ ထုတ်ပြန်ချက်အရ သိရသည်။
ကချင်ပြည်နယ်အတွင်း ငါးသယံဇာတပေါကြွယ်ဝစေရေး၊ ငါးမွေးမြူထုတ်လုပ်မှုတိုးတက် မြှင့်မားလာစေရေးနှင့် ဒေသတွင်းကုန်ဈေးနှုန်း တည်ငြိမ်စေရေးအတွက် ရည်ရွယ်၍ ပလန ကျေးရွာအုပ်စု၊ ရွက်လှမြိုင်ကျေးရွာအတွင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြစ်ကြီးနားမြို့နယ်၊ ရွက်လှမြိုင်ကျေးရွာ၌ ငါးကန်(၉)ကန်ကို ပြန်လည်ပြုပြင်တူးဖော်နေသည့်အပြင် ငါးကန် (၅) ကန် တိုးချဲ့ဖော်ထုတ်ရန်လည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် မွေးမြူရေးခြံတစ်ခုတွင်လည်း ငါးကန် (၁၂) ကန် တူးဖော်ကာ ငါး၊ ပုစွန်နှင့် ငါးရှဉ့်များ မွေးမြူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါလုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် ငါးသားပေါက်နှင့် ငါးစာရရှိရေး၊ ရေသွင်းမြောင်းများ ဖောက်လုပ်ရေးတို့ကို ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ငွေပျော်စံပြကျေးရွာအနီးရှိ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို အသုံးပြု၍ မွေးမြူရေးဇုန်တစ်ခု ဖော်ဆောင်ရန် စီစဉ်ထားပြီး နွား၊ ဝက်နှင့် ကြက်မွေးမြူရေးလုပ်ငန်းများအတွက် မြေနေရာများ သတ်မှတ်ပေးလျက်ရှိကြောင်း သိရသည်။

ထို့ပြင် ကြက်ခြံတွင် အသားတိုးကြက်ကောင်ရေ (၁၀,၀၀၀) ကျော် မွေးမြူထားပြီး ကြက်ခြံအသစ် (၃) ခြံ ထပ်မံတိုးချဲ့တည်ဆောက်ရန်လည်း ပြင်ဆင်နေကြောင်း သိရသည်။

မူရင်းသတင်း — NP News