
ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးလုပ်ငန်းစဉ်တွင် အဓမ္မဖမ်းဆီးဆင့်ခေါ်ခြင်း၊ တရားမဝင်ငွေကြေး ကောက်ခံခြင်းများအား အရေးယူထားမှုအရ အောက်တိုဘာ ၃၁ ရက်အထိ ငွေကြေးဆိုင်ရာ ၄၉ မှု၊ တရားခံ ၁၀၂ ဦးနှင့် အဓမ္မဆင့်ခေါ်မှုဆိုင်ရာ ၂၂ မှု၊ တရားခံ ၉၇ ဦး၊ စုစုပေါင်း ၇၁ မှု၊ တရားခံ ၁၉၉ ဦးတို့အား အရေးယူထားကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့က ထုတ်ပြန်သည်။
နိုင်ငံတော်ကာကွယ်ရေးစွမ်းပကား မြင့်မားရန် လိုအပ်မှုရှိနေခြင်းနှင့် နိုင်ငံတော်လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေများ ပြဋ္ဌာန်းပြီး ဥပဒေအရ အကျုံးဝင်သူ အမျိုးသားများအား ပြည်သူ့စစ်မှုထမ်းများ ဆင့်ခေါ်လျက်ရှကြောင်း သိရသည်။
ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးလုပ်ငန်းစဉ်များအား ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့နှင့် သက်ဆိုင်ရာ ပြည်နယ်၊ တိုင်း၊ ခရိုင်၊ မြို့နယ် အဆင့်ဆင့်သော ဆင့်ခေါ်ရေးအဖွဲ့များက ဥပဒေ၊ နည်းဥပဒေ သတ်မှတ်ချက်များအတိုင်း စနစ်တကျ ကြပ်မတ်ဆောင်ရွက်လျက်ရှိသော်လည်း အချို့သော ပြည်သူ့စစ်မှုထမ်းဆောင်ရန် အလှည့်ကျသူများ အနေဖြင့် ပြည်သူ့စစ်မှုထမ်းဆောင် ရမည့် အမျိုးသားရေး တာဝန်ကို ရှောင်လွှဲလိုသဖြင့် အခြားရပ်ရွာများသို့ ရှောင်တိမ်းခြင်း၊ ပြည်ပသို့ ထွက်ခွာခြင်း၊ အခကြေးငွေဖြင့် လူအစားထိုးခြင်းများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
ထိုကဲ့သို့ အကြောင်းအမျိုးမျိုးပြ ရှောင်တိမ်းသူများအား ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ များမှ စောင့်ကြည့်ဆင့်ခေါ်ခြင်း ပြုလုပ်နေခြင်းအပေါ် အချို့မြို့ရွာများတွင် မသမာသူများကပါ တာဝန်ရှိသူများအဖြစ် အယောင်ဆောင်ပြီး အဓမ္မဖမ်းဆီး ငွေကြေးရယူကာ ပြည်သူ့စစ်မှုထမ်းအဖြစ် စာရင်းသွင်း ဝင်ရောက်စေခြင်း၊ အချို့ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ အနေဖြင့် ၎င်းတို့၏ ရပ်ကွက်၊ ကျေးရွာများမှ ပြည်သူ့စစ်မှုထမ်းဆောင်ရန် သွားရောက်မည့်သူများကို ထောက်ပံ့ပေးရန် အကြောင်းပြ၍ လစဉ် ငွေကြေးကောက်ခံခြင်း၊ ရှောင်တိမ်းသူများအစား အခကြေးငွေပေး၍ လူစားထိုး ထမ်းဆောင်စေခြင်းများပြုလုပ်ရန် တရားမဝင်ငွေကြေး ကောက်ခံခြင်းများ ဖြစ်ပေါ်နေကြောင်း သိရသည်။
လက်ရှိဖြစ်ပေါ်နေသော အဓမ္မဖမ်းဆီးဆင့်ခေါ်ခြင်း၊ တရားမဝင် ငွေကြေးကောက်ခံခြင်း များသည် မသမာသူများက ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေများအား ချိုးဖောက်ပြီး တရားမဝင်လုပ်ဆောင်နေမှုများသာ ဖြစ်သဖြင့် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့နှင့် ပြည်ထဲရေး ဝန်ကြီးဌာနတို့မှ အထူးအလေးထား စိစစ်ဖော်ထုတ် အရေးယူမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
တရားမဝင်ငွေကြေးကောက်ခံသူများနှင့် အဓမ္မဖမ်းဆီး ဆင့်ခေါ်သူများအား ပြည်ထဲရေး ဝန်ကြီးဌာနမှ စိစစ်ဖော်ထုတ် အရေးယူလျက်ရှိရာ ၂ဝ၂၆ ခုနှစ်၊ အောက်တိုဘာ ၃၁ ရက်အထိ ငွေကြေးဆိုင်ရာ ၄၉ မှု၊ တရားခံ ၁၀၂ ဦးနှင့် အဓမ္မဆင့်ခေါ်မှုဆိုင်ရာ ၂၂ မှု၊ တရားခံ ၉၇ ဦး၊ စုစုပေါင်း ၇၁ မှု၊ တရားခံ ၁၉၉ ဦးတို့အား အရေးယူထားရှိပြီး ဖြစ်ကြောင်း၊ ထို့ပြင် ပြည်သူ့ စစ်မှုထမ်း ဆင့်ခေါ်ရေး ဗဟိုအဖွဲ့သို့ တိုင်ကြားလာမှုကြောင့် အရေးယူရသည့် ငွေကြေး ဆိုင်ရာ (၁၈၂)မှုတွင် အရေးယူပြီးစီးမှု (၉၁)မှု၊ စိစစ်ဆဲ (၅၆)မှု၊ မမှန်မကန်တိုင်ကြားမှု (၃၅)မှုနှင့် အဓမ္မဆင့်ခေါ်မှုဆိုင်ရာ (၄၃)မှုတွင် အရေးယူပြီးစီးမှု (၁၇)မှု၊ စိစစ်ဆဲ (၁၄)မှု၊ မမှန်မကန်တိုင်ကြားမှု (၁၂)မှု ရှိခဲ့ပြီး ဥပဒေများနှင့်အညီ ထိရောက်စွာ အရေးယူထားပြီး ဖြစ်ကြောင်း သိရသည်။
ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့သည် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး လုပ်ငန်းစဉ်များအား အဆင့်ဆင့်သော ဆင့်ခေါ်ရေးအဖွဲ့များမှ အကောင်အထည်ဖော်ရာတွင် ဥပဒေ၊ နည်းဥပဒေ များနှင့်အညီ စနစ်တကျ လုပ်ဆောင်စေရေး အလေးထား ကြပ်မတ်ဆောင်ရွက်လျက်ရှိပြီး ခရီးသွား ပြည်သူများအား အတင်းအဓမ္မခြိမ်းခြောက်ဆင့်ခေါ်ခြင်း၊ ညအချိန်ဖမ်းဆီး ခေါ်ဆောင်ခြင်း၊ ငွေကြေးဖြင့် လူအစားထိုး ဆင့်ခေါ်ခြင်း၊ ရပ်ကွက်၊ ကျေးရွာများတွင် တရားမဝင်ငွေကြေးကောက်ခံခြင်းများ လျော့နည်းပပျောက်စေရေး ပြည်ထဲရေးဝန်ကြီးဌာနနှင့် ညှိနှိုင်း၍ ထိထိရောက်ရောက် ဖော်ထုတ် အရေးယူခြင်းများဆက်လက် ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်များနှင့်ပတ်သက်၍ ပြည်သူလူထုနေဖြင့်လည်း နေ့စဉ်ထုတ်သတင်းစာများတွင် ဖော်ပြထားသည့်သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်များအလိုက် သတင်းပေးတိုင်ကြားနိုင်မည့် ဖုန်းနံပါတ်များအား သတင်းပေးတိုင်ကြားနိုင်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့က ထုတ်ပြန်သည်။