
DPLA ၊ KNDF ၊ PNLO ၊ DSNDA နှင့် PDF အဖွဲ့များမှ အဖွဲ့ဝင် ၁၉ ဦးတို့ လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ထပ်မံဝင်ရောက်လာကြောင်း သိရသည်။
ထိုသို့ ဥပဒေဘောင်အတွင်း လက်နက်/ ခဲယမ်းများနှင့်အတူ ပြန်လည်ဝင်ရောက်လာခဲ့ကြသူများအား မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံပွဲကို နိုဝင်ဘာ ၂၀ ရက်တွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် သံလွင်ခန်းမ၌ ပြုလုပ်ရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး၊ တိုင်းမှူး ဗိုလ်ချုပ်ကျော်နိုင်ဦးနှင့်တာဝန်ရှိသူများ၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အရာရှိ၊ စစ်သည်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများနှင့် ၎င်းတို့၏မိဘအုပ်ထိန်းသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြကြောင်း သိရသည်။
ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြသည့် ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့နယ်မှ အမျိုးသား ၁ ဦး၊ ရပ်စောက်မြို့နယ်မှ အမျိုးသား ၃ ဦး၊ အမျိုးသမီး ၁ ဦး၊ ပင်းတယမြို့နယ်မှ အမျိုးသား ၂ ဦး၊ ရွာငံမြို့နယ်မှ အမျိုးသား ၃ ဦး၊ လွိုင်ကော်မြို့နယ်မှ အမျိုးသား ၂ ဦး၊ ဖယ်ခုံမြို့နယ်မှ အမျိုးသား ၁ ဦး၊ မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်မှ အမျိုးသား ၅ ဦး၊ ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ်မှ အမျိုးသား ၁ ဦး စုစုပေါင်း အမျိုးသား ၁၈ ဦး၊ အမျိုးသမီး ၁ ဦးတို့က ၎င်းတို့နှင့်အတူ ပါရှိလာသည့် ပစ္စတို ၂ လက်၊ M-22 သေနတ် ၁ လက်၊ လက်ပစ်ဗုံး ၂ လုံး၊ လက်လုပ်မိုင်း ၈ လုံး၊ ကျည်အိမ် ၂ ခု၊ ကျည်မျိုးစုံ ၂၁ တောင့်တို့ကို လွှဲပြောင်းအပ်နှံရာ တိုင်းမှူးက လက်ခံရယူခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများအား ပစ္စတို ၂ လက်အတွက် ဆုကြေးငွေကျပ်သိန်း ၄၀၊ M-22 သေနတ် ၁ လက်အတွက် ဆုကြေးငွေကျပ်သိန်း ၅၀၊ လက်ပစ်ဗုံး ၂ လုံးအတွက် ဆုကြေးငွေကျပ် ၆ သိန်း၊ လက်လုပ်မိုင်း ၈ လုံးအတွက် ဆုကြေးငွေကျပ် ၂၄ သိန်းနှင့် ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူ ၁၉ ဦးအတွက် ဆုကြေးငွေကျပ် ၁၉ သိန်း စုစုပေါင်းငွေကျပ် ၁၃၉ သိန်းနှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် ၎င်းတို့အား ခံဝန်ကတိလက်မှတ်ရေးထိုးစေပြီး မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံပေးခဲ့သည်။
ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများအား ပြန်လည်ကြိုဆိုလက်ခံ၍ လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးကာ မိဘအုပ်ထိန်းသူများထံသို့ ပြန်လည်လွှဲအပ်ပေးလျက်ရှိရာ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဆန္ဒရှိသူများကျန်ရှိနေသေးကြောင်း သိရှိရသဖြင့် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ အမြန်ဆက်သွယ်သတင်းပေးပို့လာပါက ကြိုဆိုလက်ခံကာ လိုအပ်သည့်ကူညီထောက်ပံ့မှုများ ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ ခဲယမ်းများအတွက် ဆုကြေးငွေများကို ထိုက်တန်စွာပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။