
သန့်ဇင် (NP News) - နိုဝင်ဘာ ၂၁
မြန်မာအပေါ် ICJ ၏ ဆုံးဖြတ်ချက်နှင့်ပတ်သက်၍ ICJ ရုံးတော်နှင့် ကမ္ဘာ့ကုလသမဂ္ဂ UN အဖွဲ့အစည်းများထံသို့ တရားဝင် ကန့်ကွက်ကြောင်းစာများ ပေးပို့သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံး(ဗဟို)က ယနေ့(နိုဝင်ဘာ ၂၁ ရက်) တွင် ထုတ်ပြန်ထားသည်။
အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ က မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာနိုင်ငံ၏ တရားစွဲဆိုမှုအပေါ်တွင် လူမျိုးသုဉ်းသတ်ဖြတ်မှုတားဆီးရေးနှင့် ပြစ်ဒဏ်ပေးရေးဆိုင်ရာသဘောတူစာချုပ် Genocide Convention ကို မြန်မာနိုင်ငံက ချိုးဖောက်ကြူးလွန်သည်ဟု ဆုံးဖြတ်ချက်ကို နိုဝင်ဘာလ (၁၉)ရက်က ချမှတ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
ထို့သို့ ဆုံးဖြတ်ချက် ချမှတ်ခဲ့ခြင်းအပေါ်မြန်မာနိုင်ငံ ဟာသပညာရှင်များ အစည်းအရုံးက တရားမျှတမှုမရှိသော ဆုံးဖြတ်ချက်အဖြစ် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်းလည်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
ထို့ကြောင့် ICJ ရုံးတော်နှင့် ကုလသမဂ္ဂ UN အဖွဲ့အစည်းများထံသို့လည်းတရားဝင် ကန့်ကွက် ရှုတ်ချကြောင်းစာများ ပေးပို့သွားမည် ဖြစ်ကြောင်း နှင့် မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံးသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့်အတူ ထာဝရ ရပ်တည်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
အလားတူ အပြည်ပြည်ဆိုင်ရာဗုဒ္ဓဘာသာပညာရေးစင်တာ International Buddhist Education Centre – IBEC ကလည်း ယနေ့ (နိုဝင်ဘာ ၂၁ ရက်) တွင် မြန်မာနိုင်ငံအပေါ် ICJ ၏ ဆုံးဖြတ်ချက်သည် တရားမျှတမှုမရှိသော ဆုံးဖြတ်ချက်အဖြစ် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်းနှင့် ICJ ရုံးတော်နှင့် ကုလသမဂ္ဂ UN အဖွဲ့အစည်းများထံ တရားဝင်ကန့်ကွက်ရှုတ်ချကြောင်း စာများ ပေးပို့သွားမည်ဟု ထုတ်ပြန်ထားသည်။