သက်တံ့
၂၁. ၁၁. ၂၀၂၆
ထိုင်းတိုင်းရင်းဆေးနှင့် အစားထိုးကုထုံးဦးစီးဌာနသည် ဆေးခြောက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်သည့် ဆိုင်များအား နိုင်ငံတစ်ဝန်း နှိမ်နင်းစစ်ဆေးမှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် ဆေးခြောက်လုပ်ငန်း ၂၄ ခု၏ လိုင်စင်များကို ရုပ်သိမ်းခဲ့ပြီး နောက်ထပ် ၁၀၅ ခုကို ယာယီဆိုင်းငံ့လိုက်သည်။
ထို့ပြင် ၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း စစ်ဆေးမှုများကို ပိုမိုတိုးမြှင့်လုပ်ဆောင်သွားရန် စီစဉ်ထားကြောင်းနှင့် အထူးသဖြင့် စာသင်ကျောင်းများနှင့် အခြားပညာရေးအဖွဲ့အစည်းများအနီးတွင် ဖွင့်လှစ်ထားသည့် ဆေးခြောက်ဆိုင်များကို အဓိကထား စစ်ဆေးသွားမည်ဖြစ်ကြောင်း အဆိုပါဌာနက ကြေညာခဲ့သည်။
ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ဆေးခြောက်သုံးစွဲမှုကို ဥပဒေဘောင်အတွင်း၌သာ ရှိနေစေရန်နှင့် ဘေးကင်းပြီး သင့်လျော်သော ဆေးဘက်ဆိုင်ရာ အသုံးပြုမှုကို အလေးပေးဆောင်ရွက်သွားရန် ကတိပြုထားကြောင်း ဦးစီးဌာန၏ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သီဝမ် သာနီရတ် (Dr Thewan Thanirat) က စနေနေ့တွင် ပြောကြားခဲ့သည်။
ဤဆောင်ရွက်ချက်များသည် ခွင့်ပြုချက်မရှိသော ရည်ရွယ်ချက်များဖြင့် ဆေးခြောက်အသုံးပြုခြင်းကို တားဆီးရန်နှင့် ပြည်သူ့ကျန်းမာရေးကို ကာကွယ်စောင့်ရှောက်ရန် ရည်ရွယ်ခြင်း ဖြစ်သည်။
ဘန်ကောက်မြို့တွင် လိုင်စင်ရ ဆေးခြောက်လုပ်ငန်းပေါင်း ၁,၇၀၀ ကျော်ရှိ
စက်တင်ဘာလတွင် ကုန်ဆုံးခဲ့သည့် ၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း အဆိုပါဦးစီးဌာနသည် သက်ဆိုင်ရာအေဂျင်စီများနှင့် ပူးပေါင်းကာ နိုင်ငံတစ်ဝန်းရှိ ဆေးခြောက်လုပ်ငန်းများကို စစ်ဆေးစောင့်ကြည့်မှုများ ပြုလုပ်ခဲ့သည်။ စစ်ဆေးမှုများတွင် ကြိုတင်ကာကွယ်သည့် စစ်ဆေးမှုများနှင့် ပြည်သူများ၏ တိုင်ကြားချက်များကြောင့် စုံစမ်းစစ်ဆေးမှုများ နှစ်မျိုးစလုံး ပါဝင်သည်။
ဘန်ကောက်မြို့သည် ထိုင်းနိုင်ငံအတွင်း လိုင်စင်ရ ဆေးခြောက်လုပ်ငန်း အများဆုံးရှိသည့် နေရာဖြစ်ပြီး လုပ်ငန်းပေါင်း ၁,၇၁၀ ခု ရှိသည်။
အာဏာပိုင်များအနေဖြင့် ယင်းတို့အနက် လုပ်ငန်း ၁,၄၃၇ ခု (သို့မဟုတ် ၈၄.၀၄ ရာခိုင်နှုန်း) ကို စစ်ဆေးပြီးစီးခဲ့ပြီဖြစ်ကာ ကျန်ရှိနေသည့် လုပ်ငန်းများကိုလည်း အပြီးသတ် စစ်ဆေးသွားရန် စီစဉ်ထားသည်။
အဆိုပါ စစ်ဆေးမှုများသည် စည်းမျဉ်းစည်းကမ်း စံနှုန်းများကို မြှင့်တင်ရန်နှင့် ဆေးခြောက်လုပ်ငန်းအပေါ် ပြည်သူလူထု၏ ယုံကြည်မှုကို ခိုင်မာစေရန် ရည်ရွယ်ကြောင်း ဦးစီးဌာနက ပြောကြားခဲ့သည်။
“ဆေးခြောက်ကို ဆေးဘက်ဆိုင်ရာ ရည်ရွယ်ချက်များအတွက် ဘေးကင်းစွာ အသုံးပြုနိုင်စေဖို့နဲ့ ပြည်သူ့ကျန်းမာရေးနဲ့ လူမှုအသိုင်းအဝိုင်းအပေါ် သက်ရောက်မှုတွေကို ရေရှည်လျှော့ချနိုင်ဖို့အတွက် ကျွန်တော်တို့ရဲ့ မိတ်ဖက်အေဂျင်စီတွေနဲ့ ဆက်လက်ပူးပေါင်းပြီး ဥပဒေကို တင်းတင်းကျပ်ကျပ် ကြပ်မတ်အကောင်အထည်ဖော်သွားမယ်ဆိုတာ အတည်ပြုပြောကြားလိုပါတယ်” ဟု ဒေါက်တာ သီဝမ်က ပြောကြားခဲ့သည်။
ဆေးခြောက် ၁၀ တန်ကျော် ဖမ်းဆီးရမိ
ဆေးဘက်ဆိုင်ရာ ဆေးခြောက်ဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာ ပီရာချာ ခူကီဆမ်ကစ် (Dr Peeracha Khukesamkit) က ၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း ဥပဒေစိုးမိုးရေး လုပ်ငန်းဆောင်ရွက်ချက်များ၏ အသေးစိတ်အချက်အလက်များကို ထပ်မံပြောကြားခဲ့သည်။
အာဏာပိုင်များသည် ဖမ်းဆီးသိမ်းဆည်းမှုပေါင်း ၉၅ ကြိမ် ပြုလုပ်ခဲ့ရာ ဆေးခြောက်နှင့် ဆက်စပ်ပစ္စည်း စုစုပေါင်း ၁၀,၅၈၄.၉ ကီလိုဂရမ်ကို သိမ်းဆည်းရမိခဲ့ပြီး ခန့်မှန်းခြေ ကာလတန်ဖိုး ဘတ် ၂၂၃ ဒသမ ၅ သန်း (အမေရိကန်ဒေါ်လာ ၆.၉ သန်းခန့်) ရှိသည်။
အရေးယူဆောင်ရွက်မှုများတွင် ဖမ်းဆီးတရားစွဲဆိုမှု ၇၀ မှု၊ လိုင်စင်ယာယီဆိုင်းငံ့မှု ၁၀၅ ခုနှင့် လိုင်စင်ရုပ်သိမ်းမှု ၂၄ ခုပါဝင်သည်။
လာမည့် ၂၀၂၇ ခုနှစ်တွင် ကျောင်းများအနီးရှိ ဆေးခြောက်ဆိုင်များ ပိုမိုတင်းကျပ်စွာ စောင့်ကြည့်စစ်ဆေးခံရမည်
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလတွင် စတင်ခဲ့သည့် ၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် မျှော်မှန်းချက်အနေဖြင့် ဆေးဘက်ဆိုင်ရာ ဆေးခြောက်ဌာနခွဲသည် နိုင်ငံတစ်ဝန်းရှိ ဆေးခြောက်လုပ်ငန်းများကို လွှမ်းခြုံနိုင်စေရန် ကြိုတင်ကာကွယ်စစ်ဆေးမှုများကို တိုးချဲ့ဆောင်ရွက်သွားရန် စီစဉ်ထားသည်။
တာဝန်ရှိသူများအနေဖြင့် လုပ်ငန်းများသည် ဆေးခြောက်ရောင်းချခြင်းနှင့် ပြုပြင်ထုတ်လုပ်ခြင်းဆိုင်ရာ လိုင်စင်စည်းကမ်းချက်များကို လိုက်နာမှု ရှိ၊ မရှိ အဓိကထား စစ်ဆေးသွားမည် ဖြစ်သည်။
စာသင်ကျောင်းများနှင့် အခြားပညာရေးအဖွဲ့အစည်းများအနီးတွင် တည်ရှိသော ဆိုင်များကိုမူ အထူးအာရုံစိုက် စစ်ဆေးသွားမည်ဖြစ်သည်။
ထို့ပြင် ဦးစီးဌာနအနေဖြင့် ပြည်သူများ၏ တိုင်ကြားချက်များကို ပိုမိုလျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်သွားရန်နှင့် စည်းမျဉ်းစည်းကမ်း ချိုးဖောက်ကြောင်း တွေ့ရှိရသည့် လုပ်ငန်းများအပေါ် ထိရောက်သော အရေးယူမှုများ ပြုလုပ်သွားရန်လည်း စီစဉ်ထားသည်ဟု သိရသည်။
Ref: Khaosod