NP News

တစ်ပတ်အတွင်း မြန်မာ့စီးပွားရေး ဈေးကွက်သုံးသပ်ချက်

ပြည့်ဖြိုး (NP News) - နိုဝင်ဘာ ၂၂

ယခုတစ်ပတ်အတွင်း မြန်မာပြည်တွင်းစီးပွားရေးဈေးကွက်သည် တည်ငြိမ်မှုနည်းပါးပြီး အပြောင်းအလဲများ ကြောင့် ကုန်သည်များအကြား သတိထားပြီး ဈေးကွက်ဖော်ဆောင်နေရကြောင်းသိရသည်။ အဘယ်ကြောင့်ဆိုသော် ပြည်တွင်းငွေလဲဈေးကွက်အတွင်း နိုင်ငံခြားငွေဈေးများမြင့်တက်နေပြီး၊ ကမ္ဘာ့ရွှေဈေးကျဆင်းသော်လည်း ပြည်တွင်း ရွှေဈေးများ မြင့် တက်နေခြင်းကြောင့်ဖြစ်သည်။
ပုံမှန်အားဖြင့် ကမ္ဘာ့ရွှေဈေးကျဆင်းပါက ပြည်တွင်းရွှေဈေး လိုက်ပါကျဆင်းမည်ဖြစ်သော်လည်း ပြည်တွင်း ဈေးကွက်အခြေအနေအရ ငွေလဲနှုန်းအပေါ်မူတည်ကာ ရွှေဈေးကျဆင်းခြင်းမရှိချေ။ နိုဝင်ဘာလ (၁၇) ရက်ပေါက် ဈေးများအရ အခေါက်ရွှေ တစ်ကျပ်သားလျှင်(၁၀၃)သိန်းဝန်းကျင်၊ အမေရိကန် တစ်ဒေါ်လာလျှင်(၄,၉၆၀)ကျပ်ပေါက် ဈေးဖြစ်ပေါ်နေသည်။ အမေရိကန်ဒေါ်လာဈေးမှာ ဆက်လက် မြင့်တက်နိုင်ပြီး တစ်ဒေါ်လာလျှင် (၅,ဝဝဝ)ကျပ်အ ထက်သို့ရောက်ရှိနိုင်ကြောင်း ပို့ကုန်/သွင်းကုန်လုပ် ငန်းရှင်များကခန့်မှန်းထားကြသည်။ စက်သုံးဆီဈေး ကွက်အတွင်း၌ အ‌ရှေ့အလယ်ပိုင်းရေနံထွက်ရှိရာ အာရပ်နိုင်ငံများတွင် စစ်ရေးဆင်းမာမှုလျော့ကျလာသဖြင့် ကမ္ဘာ့ရေနံစိမ်းဈေးများ အနည်းငယ်ကျဆင်း သွားသဖြင့် အာရှနိုင်ငံများတွင်လည်း စက်သုံးဆီ ဈေး အနည်းငယ်ကျဆင်းလာကြောင်းသိရသည်။
မြန်မာနိုင်ငံ၏ အဓိကဝယ်ယူနေရသော စင်ကာပူစက်သုံးဆီဈေးကွက်အတွင်း အပြောင်းအလဲ အနည်းငယ်ရှိ လာသဖြင့် ပြည်တွင်းစက်သုံးဆီဈေးများ အမျိုးအစားအလိုက် တစ်လီတာလျှင် (၂၀ဝ)ကျပ် ဝန်းကျင် ကျဆင်းလာ ကြောင်းသိရသည်။ အမေရိကန်ဒေါ်လာဈေးပါကျဆင်းပါက လက်ရှိပေါက်ဈေး ထက်ပိုမိုကျဆင်းနိုင်ကြောင်း ကုန်သည် များကခန့်မှန်းထားသည်။ ထူးခြားချက်အနေဖြင့် မြန်မာနိုင်ငံ‌တော် ဗဟိုဘဏ်သည် ငွေ‌ကြေးခဝါချမှုတိုက်ဖျက်ရေးအ တွက် (၄)လအတွင်း အွန်လိုင်းငွေလိမ်ဂိုဏ်းအပါအဝင် ငွေကြေးခဝါချမှုများကို ဖိအားပေးတိုက်ဖျက်ရန် ကြိုးစားလာခြင်း ဖြစ်သည်။ နိုင်ငံတကာ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးအဖွဲ့(FATF)က မြန်မာနိုင်ငံကို အမည်ပျက်စာရင်းသွင်း၍ အရေးယူမှုများ လုပ်ဆောင် ရန်ပြင်ဆင်နေရာ မြန်မာနိုင်ငံအနေဖြင့် (၄)လအ တွင်းမဖြေရှင်းနိုင်ပါက နိုင်ငံတကာကု န်သွယ်မှုများတွင် အခက်အခဲများကြုံတွေ့ရမည်ဖြစ်သည်။

ထူးခြားချက်အနေဖြင့် မိုဘိုင်းဖုန်းဈေးကွက်အတွင်း အောက်လမ်းမှတင်သွင်းလာသည့် ဟန်းဆက်များနည်းပါး သွားခြင်းကြောင့် ပြည်တွင်းရှိ မိုဘိုင်းဖုန်းအဟောင်းများ အရောင်းအဝယ်သွက်လာသည့်အပြင် ဖုန်းစက်ပြားများနှင့် အရည်ကျိုဟန်းဆက်များပါ အရောင်းအဝယ်ကောင်းနေကြောင်း သိရသည်။
ပြည်တွင်းရှိအခွန်မူဝါဒအရ IMEI မှတ်ပုံ တင်စနစ်ဖြင့် အခွန်ဆောင်ခိုင်းပြီး ဟန်းဆက်များကိုသာ ဈေးကွက်အတွင်း အသစ်ဝင်ရောက်နေခြင်းကြောင့် ဟန်းဆက်ဈေးနှုန်းများမှာ အမြင့်ပိုင်းသို့ရောက်ရှိနေသည်။ ထို့ကြောင့် တစ်ပတ်ရစ်ဖုန်းများနှင့် ပြန်လည် ပြုပြင်ထား သည်ဖုန်းများမှာ ဈေးကွက်အတွင်း အရောင်းသွက်နေပြီး ဟန်းဆက်ပြုပြင်ရေးလုပ်ငန်းများ ကလည်း ဖုန်းအပျက်များကို ပြန်လည်ပြုပြင်ရန် ဝယ်ယူနေကြခြင်းဖြစ်သည်။

(စံချိန်တင်မြင့်တက်နိုင်သည့်ငွေလဲနှုန်း၊ ရွှေဈေးနှင့်စက်သုံးဆီဈေးများ)
ယခုတစ်ပတ်အတွင်း နိုင်ငံခြားငွေလဲဈေးနှုန်းများမှာ သိသိသာသာမြင့်တက်ခဲ့ပြီး အမေရိကန် တစ် ဒေါ်လာလျှင် (၅၀ဝဝ)ကျပ်ဝန်းကျင်သို့ရောက်ရှိလာခြင်းဖြစ်သည်။
နိုင်ငံတကာငွေကြေးဈေးကွက်အတွင်း အမေရိကန်ဒေါ်လာဈေးမြင့်တက်မှုရှိသော်လည်း မြန်မာပြည်၏ နိုင်ငံ ခြားငွေလိုအပ်ချက်အရ ပြင်ပငွေလဲဈေးနှုန်းများ ဆက်တိုက်မြင့်တက်နေခြင်းဖြစ်သည်။မြန်မာနိုင်ငံဗဟိုဘဏ်၏ အွန် လိုင်း IMEI ဈေးကွက်အတွင်း ငွေလဲလိုင်စင်ရဘဏ်များအကြား အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းမှာ တစ်ဒေါ် လာလျှင် (၃၆၆၀) ကျပ်ဝန်းကျင်သာရှိနေရာ ပြင်ပပေါက်ဈေးနှင့်တစ် ထောင်ကျပ်ကျော်သည်အထိကွာခြားလာပြီဖြစ်သည်။ ယခင်က ဗဟိုဘဏ်အွန်လိုင်း FX ဈေးကွက်နှင့် ပြင်ပပေါက်ဈေးအကြားကွာခြားချက်မှာ ကျပ်တစ်ထောင် အတွင်းသာ ရှိနေရာမှ လက်ရှိတွင် ကျပ်တစ်ထောင်အထက်သို့ရောက်ရှိလာခြင်းဖြစ်သည်။ ပြင်ပငွေလဲနှုန်းမြင့်တက်ရခြင်းမှာ ပြည် တွင်းသွင်းကုန်လုပ်ငန်းများအတွက် လိုအပ်သောနိုင်ငံခြားငွေကို အဝယ်များခြင်းနှင့် လွှတ်တော်တွင် ဘတ်ဂျတ်လို ငွေထပ်မံတောင်း ခံခြင်းတို့ကြောင့်ဖြစ်နိုင်ကြောင်း စီးပွားရေးပညာရှင်များကခန့်မှန်းထားကြသည်။
မြန်မာကျပ်ငွေတန်ဖိုးကျဆင်းခြင်းနှင့် ငွေကြေး ဖောင်းပွမှုအခြေအနေများသည်လည်း နိုင်ငံခြားငွေ လဲနှုန်းကို တိုက်ရိုက်သက်ဆိုင်နေခြင်းဖြစ်သည်။ နိုဝင်ဘာလ (၁၇)ရက်ပေါက်ဈေးအရ အမေရိကန် တစ်ဒေါ်လာလျှင် ဗဟိုဘဏ် ကိန်းသေဈေး (၂၁၀ဝ) ကျပ်၊ ဗဟိုဘဏ်အွန်လိုင်း FX ဈေး (၃၆၆၀)ကျပ်၊ ပြင်ပငွေလဲဈေး (၄၉၆၀)ကျပ်ဖြင့် အသီးသီး ရပ်တည်နေသည်။ အခြားငွေလဲဈေးနှုန်းများမှာ ထိုင်းငွေတစ် ဘတ်လျှင် (၁၄၅)ကျပ်၊ တရုတ်ငွေ တစ်ယွမ်လျှင် (၇၄၁) ကျပ်၊ အိန္ဒိယငွေ တစ်ရူပီးလျှင် (၅၂)ကျပ်နှင့် စင်ကာပူငွေ တစ်ဒေါ်လာလျှင် (၃၈၂၀)ကျပ် ပေါက် ဈေးရှိကြောင်း သိရသည်။

ပွင့်လင်းရာသီရောက်ပြီဖြစ်ရာ ပြည်တွင်းရွှေလုပ် ကွက်များပြန်လည်လုပ်ကိုင်လာပြီဖြစ်သော်လည်း ရွှေ လှော်ဖို (ရွှေသန့်စင်လုပ်ငန်း)များတွင် ရွှေအရိုင်းဝင် ရောက်မှုနည်းနေသေးကြောင်း ရွှေလုပ်ငန်းရှင်များထံ မှသိရသည်။ ပြည်တွင်းရွှေဈေးကွက်သည်လည်း ကမ္ဘာ့ရွှေဈေးအပြောင်းအလဲပေါ်မူတည်ကာ ဈေးကွက်ပေါက် ဈေးသတ်မှတ် ခြင်းဖြစ်ရာ နိုင်ငံတကာစီး ပွားရေးနှင့် စစ်ရေးအခြေအနေများအပေါ်မူတည်နေသည်။ အရှေ့အလယ်ပိုင်းရှိစစ်ပွဲများတွင် အမေရိကန် နိုင်ငံ၏ပါဝင်မှုလျှော့ချလာသဖြင့် ရွှေစုဆောင်းမှုအစား ဒေါ်လာစုဆောင်းမှုမြင့်တက်လာခြင်း၊ မကြာမီ ရောက်ရှိလာမည့် ခရစ္စမတ်ပွဲတော်အတွက် ကုန်စည် ဝယ်ယူစုဆောင်းမှုအရ နိုင်ငံတကာဈေးကွက်အတွင်း ရွှေစုဆောင်း မှုလျော့ကျလာခြင်းတို့သည် ကမ္ဘာ့ရွှေဈေးကို အကျပိုင်းသို့ရောက်ရှိစေခြင်းဖြစ်သည်။
နိုဝင်ဘာလ (၁၇)ရက် ကမ္ဘာ့ရွှေပေါက်ဈေးမှာ တစ်အောင်စလျှင် (၃၈၈၄)ဒေါ်လာရှိပြီး ပြည်တွင်းအခေါက် ရွှေဈေးမှာ တစ်ကျပ်သားလျှင် (၁၀၃)သိန်း (၃)သောင်းကျပ်ဝန်းကျင်ပေါက်ဈေးဖြစ်ပေါ်နေသည်။ ပြည်တွင်းရွှေဈေး သည် အမေရိကန်ဒေါ်လာ ပေါက်ဈေး၊ ကမ္ဘာ့ရွှေဈေးတို့အပေါ်မူတည်ကာ ဈေးကွက်ဖွင့်ခြင်းဖြစ်ပြီး ရန်ကုန်တိုင်းရွှေလုပ် ငန်းရှင်များအသင်း(YGEA)ကသတ်မှတ်သောဈေးဖြင့် အရောင်းအဝယ်ပြုလုပ်သူနည်းပါကြောင်းသိရသည်။ လာမည့် ရက်များအတွင်း ပြည်တွင်းရွှေဈေးသည် စပါးပေါ်ချိန် ဖြစ်သောကြောင့် နယ်မြို့များ၏ဝယ်လိုအားအရ ဆက်လက် ဈေးကောင်းနေမည်ဖြစ်သည်။
ပြည်တွင်းစက်သုံးဆီဈေးမှာ စင်ကာပူဈေးကွက် အပြောင်းအလဲအရ ဈေးနှုန်းပြောင်းလဲလျက်ရှိရာ ယခုတစ် ပတ်တွင် စက်သုံးဆီအမျိုးအစားအလိုက် တစ်လီတာလျှင် (၂၀ဝ)ကျပ်ဝန်းကျင်ခန့်ကျဆင်းသွား သည်။ ရေနံအများဆုံး ထွက်ရှိရာ အရှေ့အလယ်ပိုင်း အာရပ်နိုင်ငံများတွင် စစ်ရေးတည်ငြိမ်မှု ပိုမိုရရှိလာပါက ကမ္ဘာ့ရေနံစိမ်းဈေးများ ဆက် လက်ကျဆင်းနိုင်သည်။ မြန်မာနိုင်ငံအပါအဝင် အာဆီယံနိုင်ငံများတွင် အရန်စွမ်းအင်သိမ်းဆည်းနိုင်မှုအများဆုံးနိုင်ငံ များမှာ ဘရူနိုင်း၊ စင်ကာပူနှင့် ထိုင်းနိုင်ငံတို့ဖြစ်ကြသည်။ နိုင်ငံတကာစစ်ရေးနှင့် စီးပွားရေးအခြေအနေအပြောင်း အလဲများဖြစ်ပေါ်လာပါက လောင်စာစွမ်းအင် အခက်အခဲကို ကြိုတင်ပြင်ဆင်နိုင်ရန် အားနည်းနေ ဆဲဖြစ်သည်။ လာမည့် ရက်ပိုင်းအတွင်း ပြည်တွင်းစက်သုံးဆီဈေးမှာ အနည်းငယ်ကျဆင်းလာနိုင်ကြောင်း ကျွမ်းကျင်သူများက ခန့်မှန်းထား သည်။
(၄)လအတွင်း အွန်လိုင်းငွေလိမ်လုပ်ငန်းနှင့် ငွေကြေးခဝါချမှုတိုက်ဖျက်နိုင်မည်လား
နိုင်ငံတကာ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးအဖွဲ့(FATF)က မြန်မာနိုင်ငံကို အမည်ပျက်စာရင်းသွင်း၍ အရေးယူမှု များလုပ်ဆောင်ရန်ပြင်ဆင်နေရာ မြန်မာနိုင်ငံအနေဖြင့် (၄)လအတွင်းမဖြေရှင်းနိုင်ပါက နိုင်ငံတကာကုန်သွယ်မှုများတွင် အခက်အခဲများကြုံ တွေ့ရမည်ဖြစ်သည်။ (၂၀၂၂) ခုနှစ် အောက်တိုဘာလ (၂၁)ရက်တွင် မြောက်ကိုရီးယား၊ အီရန်နိုင်ငံ တို့နှင့်အတူ မြန်မာနိုင်ငံကို နိုင်ငံတကာ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအဖွဲ့(FATF)က အမည်ပျက်စာရင်း သွင်းကာ အရေးယူရန်ပြင်ဆင်နေခြင်းဖြစ်သည်။
(FATF) အဖွဲ့၏အရေးယူမှုသည် စီးပွားရေး ပိတ်ဆို့မှုများနှင့်မတူညီဘဲ ဘဏ္ဍာရေးကဏ္ဍကို တိုက် ရိုက်ထိခိုက် စေခြင်းဖြစ်ရာ တစ်နိုင်ငံလုံး၏ငွေကြေးစီး ဆင်းမှုအားလုံးကို လုံးဝရပ်ဆိုင်းပစ်လိုက်ခြင်းဖြစ်သည်။ မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံဖြစ်သည့် တရုတ်၊ အာရှ-ပစိဖိတ်ဒေသအပါအဝင် အဖွဲ့ဝင်နိုင်ငံ များအားလုံးသည် (FATF)၏ဆုံးဖြတ် ချက်ကို မဖြစ်မနေလိုက်နာရခြင်းကြောင့် ဒဏ်ခတ်ပိတ်ဆို့ခံရသည့် နိုင်ငံတွင် ဘဏ်လုပ်ငန်းကဏ္ဍ၌ အထီးကျန်ဆန်သွား နိုင်ခြင်းဖြစ်သည်။
ထို့ကြောင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် (FATF)၏ စည်းမျဉ်းစည်းကမ်းများကိုလိုက်နာမှုရှိကြောင်း သက်သေတင်ပြရန် နိုဝင်ဘာလဆန်းပိုင်းက အထူးအစည်းအဝေးတစ်ရပ်ကိုခေါ်ယူကာ အွန်လိုင်းငွေလိမ်လုပ်ငန်းနှင့် ငွေကြေးခဝါချမှုများကို ထိထိ‌ရောက်ရောက်နှိမ်နင်းရန် လုပ်ငန်းများစတင်နေသည်။ ယခု နိုဝင်ဘာလမှစ၍ (၂၀၂၇) ဖေဖော်ဝါရီလအတွင်း (FATF)မှသတ်မှတ်ထားသည့် စည်းမျဉ်း များကိုအကောင်အထည်ဖော်ရမည်ဖြစ်သည်။
မြန်မာနိုင်ငံသည် (FATF)၏ အဖွဲ့ဝင်နိုင်ငံမ ဟုတ်သော်လည်း (FATF)၏ ဒေသဆိုင်ရာမိတ်ဖက် အဖွဲ့ဖြစ်သော အာရှ-ပစိဖိတ် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးအဖွဲ့(APG)၏အဖွဲ့ဝင်နိုင်ငံဖြစ်ခြင်းကြောင့် (FATF) ၏စံနှုန်းများနှင့် သတ် မှတ်ချက်များကို လိုက်နာဆောင်ရွက်ရခြင်းဖြစ်သည်။ (FATF)၏အကြံပြုချက်(၂၆)ချက်တွင် လုံးဝလိုက်နာသော (Largely Compliant)နှင့် လိုက်နာခြင်း(Compliant) ဖြစ်ပြီး ကျန်သည့်အချက်အများစုတွင် တစ်စိတ်တစ် ပိုင်းလိုက် နာပြီး လုံးဝမလိုက်နာသည့်အချက် (၆) ချက်ရှိကြောင်းသိရသည်။ လိုက်နာဆောင်ရွက်ရမည့် အစီအစဉ်(Action Plan) မှာလည်း ယခင်က (၅) ချက်ရှိရာမှ (၂)ချက်သာကျန်ရှိပြီး ၎င်းတို့မှာ-
(က) ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့ (FIU)၏ လုပ်ငန်းပိုင်းဆိုင်ရာခွဲခြမ်းစိတ်ဖြာမှုနှင့် သတင်း အချက် အလက်ဖြန့်ဝေမှုတို့ကိုတိုးမြှင့်ရန်
(ခ) ငွေကြေးခဝါချမှုများကို အန္တရာယ်အဆင့်လိုက် စုံစမ်းဖော်ထုတ်ရန်နှင် အရေးယူမှုများပြုလုပ်ရန်တို့ ဖြစ်ကြောင်း သိရသည်။ လာမည့်ရက်များအတွင်း မြန်မာနိုင်ငံငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့၏ ဆောင်ရွက်ချက်များကို ဆက်လက်စောင့်ကြည့်ရမည် ဖြစ်သည်။

(ဟန်းဆက်ဖုန်းအသစ်ဈေးကြီးမှုကြောင့် တစ်ပတ်ရစ်နှင့် ပြန်လည်ပြင်ဆင်သည် ဖုန်းဈေးကွက်)
ဖုန်းအသစ်ဈေးကြီးမြင့်သဖြင့် တစ်ပတ်ရစ်နှင့် အဟောင်းပစ္စည်းရောင်းဝယ်ရေးဈေးကွက်အတွင်း ဖုန်းစက်ပြား နှင့် အရည်ကျိုဖုန်းအပျက်များမှာ ယခင်ထက် အရောင်းအဝယ်သွက်နေကြောင်း ဖုန်းပြုပြင် ရေးလုပ်ငန်းရှင်များနှင့် စက်ပြားရောင်းဝယ်သူများ ထံမှသိရသည်။ ယခင်က မှန်ကွဲသွားသည့်ဖုန်းများ၊ ရေဝင်ပျက်စီးသွားသည့်ဖုန်းများနှင့် ပါဝါမလာတော့သည့်ဖုန်းအဟောင်းများကို ပိုင်ရှင်အများစုက အိမ်တွင်သိမ်းဆည်းထားလေ့ရှိသော်လည်း လက်ရှိတွင် ဖုန်းအသစ်ဈေးကြီးမြင့်လာသဖြင့် ဖုန်းပြန်ဆင်ရန် စက်ပြားကောင်းများကို ပြန်လည်ဖြုတ်ယူရန်အတွက် လည်းကောင်း၊ ရွှေထုတ်ရန်အတွက် အရည်ကျိုရန် အတွက်လည်းကောင်း ဝယ်ယူမှုများပြားလာခြင်းဖြစ်သည်။ မှန်ကွဲသွားပါက မူလ မှန်မှာ ဈေးမြင့်မားနေရာ ဖုန်းပိုင်ရှင်များက ပြန်မပြင်ဘဲ စက်ပြားဈေးဖြင့်ရောင်း ချကြသည်။ အခြားတစ်ဖက်တွင် iCloud Lock ကျနေခြင်း၊ စက်ပြားပျက်စီးနေခြင်း စသောဖုန်းများ၌ အစားထိုပြင်ဆင်လိုက်ရာ ဖုန်းအကောင်းတစ်ခု အဖြစ် ပြန်လည်သုံးစွဲနိုင်ခြင်းတို့ကြောင့် နှစ်ဖက်အဆင်ပြေနေကြောင်း ဖုန်းစက်ပြား ရောင်းဝယ်ရေးလုပ်ကိုင်နေ သူတစ်ဦးက ရှင်းပြသည်။ ပြန်လည်အသုံးပြုနိုင်သည့် စက်ပြားအကောင်း (All Fine) ဈေးကွက်တွင်မူ Redmi၊ Tecno၊ Vivo စသည့် Android တန်ဖိုး သင့်ဖုန်းစက်ပြားများနှင့် iPhone မော်ဒယ်လတ်စက် ပြားများမှာ မော်ဒယ်အလိုက် ကျပ်(၃၅,ဝဝဝ)မှ ကျပ် (၁၅၀,ဝဝဝ)ဝန်းကျင်အတွင်း အများဆုံးအရောင်းအ ဝယ်ဖြစ်နေသည်။
ထို့အတူ iPhone နှင့် Samsung မော်ဒယ်မြင့် အမျိုးအစားစက်ပြားအကောင်းများမှာ မော်ဒယ်အနိမ့် အမြင့်နှင့် Storage အပေါ်မူတည်၍ ကျပ် (၁၅၀,ဝဝဝ) မှ ကျပ်(၃၅၀,ဝဝဝ)ဝန်းကျင်အထိ ပေါက်ဈေးရှိ ကြောင်းသိရသည်။ တစ်ဖက်တွင်လည်း လုံးဝပြန် လည်ပြုပြင်အသုံးပြု၍မရတော့သည့် ဖုန်းစက်ပြား အပျက်များကိုဝယ်ယူသည့် အရည်ကျို ဈေးကွက်မှာလည်း နေ့စဉ်ပေါက်ဈေးဖြင့် အရောင်းအဝယ်သွက် လက်လျက်ရှိသည်။ အရည်ကျိုစက်ပြားဝယ်ယူသူများ သည် စက်ပြားအတွင်းပါဝင်သည့် IC ချစ်ပ်ပြားများမှ ရွှေ၊ ကြေးနီနှင့် အခြားသတ္တုများကို ပြန်လည် သန့်စင်ထုတ် ယူကြခြင်းဖြစ်သည်။
ယခင်က IC တစ်လုံးလိုအပ်ပါက ဈေးကွက်အတွင်း အလွယ်တကူဝယ်ယူနိုင်သော်လည်း လက်ရှိတွင် အပို ပစ္စည်းများဈေးတက်လာခြင်းကြောင့် စက်ပြားအပျက်များထဲမှ ပြန်လည်ဖြုတ်ယူသုံးစွဲနေရာ အရည်ကျိုသမား များသာမက ဖုန်းပြင်ဆရာများသည်လည်း စက်ပြားအပျက်များဝယ်ယူစုဆောင်း နေကြောင်းသိရသည်။ ထို့ပြင် ဖုန်းအပို ပစ္စည်းသစ် များဈေးနှုန်းမြင့်တက်နေခြင်းကြောင့် ပြည်တွင်းရှိ ဖုန်းစက်ပြားအဟောင်းများမှ ကောင်းမွန်နေသေး သည့် အစိတ်အပိုင်းများကို ပြန်လည်ဖြုတ်ယူအသုံး ပြုခြင်းသည် ဖုန်းပြုပြင်ရေးလုပ်ငန်းများအတွက် ပိုမိုတွက်ခြေ ကိုက်သည့်နည်းလမ်းတစ်ခု ဖြစ်လာကြောင်း သိရသည်။

မူရင်းသတင်း — NP News