
ကိုဖြိုး (NP News) - နိုဝင်ဘာ ၂၂
အင်ဗာတာနှင့် မီးအားမြှင့်စက်စျေးကွက်အတွင်း၊ China Made နှင့် ပြည်တွင်းထုတ်အမှတ်တံဆိပ်များ စျေးကွက်ယှဥ်ပြိုင်မှုအားကောင်းနေကြောင်း အီလက်ထရောနစ်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းများမှ သိရသည်။
ထုတ်လုပ်မှုအရည်အသွေးနှင့် ထုတ်ကုန်ပစ္စည်းတန်ဖိုးအပေါ် စားသုံးသူကျေနပ်နှစ်သက်စေရန် လုပ်ငန်းရှင်များဘက်က၊ ယှဥ်ပြိုင်မှုပြင်းထန်လာခြင်းဖြစ်ကြောင်း ၎င်းတို့ကဆိုသည်။
"စျေးကွက်ထဲမှာ တရုတ်ပစ္စည်းနဲ့မြန်မာပစ္စည်းနှစ်မျိုးပဲ အဓိကအရောင်းအဝယ်ဖြစ်တယ်၊ မြန်မာဖြစ်တွေက အခုနောက်ပိုင်း အတော်လေးကောင်းလာတော့၊ တရုတ်ကလည်း စျေးကွက်ကျန်မနေခဲ့ဖို့ Quality ကောင်းကောင်းလုပ်လာတယ်၊ ပစ္စည်းတန်ဖိုးကိုလည်း မြန်မာဖြစ်ထက် စျေးသက်သာအောင် ရောင်းပေးလာတယ်၊ စျေးကွက်ထဲမှာ China Made ထက် မြန်မာအလုံးက စျေးနည်းနည်းပိုကြီးတယ်၊ ဒါပေမဲ့ မြန်မာအလုံးတွေက အာမခံနှစ်အများကြီးရတယ်၊ Quality ကတော့ မတိမ်းမယိမ်းပါ၊ စျေးကွက်ထဲ ရွေးချယ်စရာက သိပ်မရှိတော့ China Made နဲ့ မြန်မာဖြစ်နှစ်မျိုးပဲ စျေးကွက်အပြိုင်လုနေကြတာ” ဟု အီလက်ထရော နစ်ပစ္စည်းအရောင်းဆိုင်တစ်ခုမှ မန်နေဂျာက ပြောသည်။
အီလက်ထရောနစ်စျေးကွက်အတွင်း၊ ယခင်က ပြည်တွင်းထုတ် အမှတ်တံဆိပ်များအပြင်၊ ထိုင်း၊ စင်ကာပူ၊ ကိုရီးယားနှင့် အနောက်နိုင်ငံထုတ် အင်ဗာတာနှင့် မီးအားမြှင့်စက်များအဝင်ရှိသော်လည်း၊ လက်ရှိတွင် ပြည်ပထုတ်ကုန်ဟူ၍ China Made တစ်ခုတည်းသာ အများအပြားရှိတော့သဖြင့် ပြည်တွင်းထုတ်ကုန်နှင့် China Made တို့ စျေးကွက်ယှဥ်ပြိုင်လုနေကြခြင်းဖြစ်ကြောင်းသိရသည်။
အီလက်ထရောနစ်စျေးကွက်အတွင်း၊ ပြည်တွင်းဖြစ် (500 W) အင်ဗာတာတစ်လုံးလျှင် (၇၀၀၀၀) ကျပ် မှ တစ်သိန်းကျပ်ကြား စျေးရှိပြီး၊ China Made (500 W) အင်ဗာတာတစ်လုံးလျှင် (၇၀၀၀၀)ကျပ်ဝန်းကျင်သာ ရှိကြောင်းသိရသည်။