
ပြည့်ဖြိုး (NP News) - နိုဝင်ဘာ ၂၂
နိုဝင်ဘာလအတွင်း ပဲခူးတိုင်းအနောက်ခြမ်းတွင် စပါးတင်း (၁၀၀) လျှင် အနိမ့်ဆုံးစျေး (၁၈) သိန်းကျပ်အထိ စျေးပြန်ကျသွားပြီး အရောင်းအဝယ်အေးသွားကြောင်း တောင်သူများထံမှ သိရသည်။
အောက်တိုဘာလ နောက်ဆုံးပတ်ကစတင်ကာ စပါးစျေးဆက်တိုက် ပြန်ကျလာခြင်းဖြစ်ပြီး၊ လက်ရှိတွင် အဝယ်တော်ပွဲစားနှင့် ကုန်သည်များက စပါး အဝယ်ရပ်ထားသည့်အခြေအနေရှိကြောင်း လယ်သမားများက သုံးသပ်ပြောဆိုနေကြသည်။
တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့်အကျိုးစီးပွားမြှင့်တင်ရေး၊ ဦးဆောင်အဖွဲ့က အခြေခံစပါးရည်ညွှန်းစျေးကို လွန်ခဲ့သော အောက်တိုဘာလ(၂၁) ရက်၌ သတ်မှတ်လိုက်ပြီးနောက်ပိုင်း အောက်တိုဘာ (၂၈) ရက်ကစတင်ကာ စပါးစျေးဆက် တိုက်ကျသွားကြောင်း သိရသည်။
အခြေခံရည်ညွှန်းစပါးဈေးနှုန်းအနေဖြင့် အစိုဓာတ် (၁၄) % ရှိ၊ အဖျင်း၊ အမှော်၊ ဖုန်၊ သဲ၊ ခဲ ကင်းစင်ပြီး အရည်အသွေးဆိုင်ရာ သတ်မှတ်စံချိန်စံညွှန်းများနှင့် ကိုက်ညီသော တစ်တင်း (၄၆) ပေါင်ကိုက် စပါးတင်း (၁၀၀) လျှင့် (၁,၃၅၀,၀၀၀) (ဆယ်သုံးသိန်းငါးသောင်း) ကျပ် သတ်မှတ်ထားခြင်းဖြစ်သည်။
" ရည်ညွှန်စျေးသတ်မှတ်လိုက်တာ စပါးစျေးကွက်ကို ဖျက်လိုက်သလိုပဲ။ စျေးကောင်းရနေတာကနေ ချက်ခြင်းပြန်ကျသွားတယ်။ စပါးစျေးလည်းချဝယ်တယ်၊ စပါးဆိုလည်းသန့်မှ စျေးပေးဝယ်တာ။ မ သန့်ရင် စျေးနှိမ်ခံရသေးတယ်။ အခုက တောင်သူအများစု ရောင်းကြတော့ စပါးတွေက အရောင်းများ တယ်။ ရည်ညွှန်စျေးကလည်း ထွက်လာရော စျေးကိုချပစ်လိုက်တာပေါ့။ အခုဆို (၁၈) ပဲရှိတော့တယ်။ ရည်ညွှန်စျေးက သီတင်းကျွတ် မတိုင်ခင်ထုတ်တာ။ ထုတ်ပြီး သုံးလေးရက်ပဲကြာတယ် သီတင်းကျွတ် ရောက်တော့ အဝယ်တွေရပ်နားကြတယ်။ အခါကျော်လို့ ပြန်ဖွင့်တော့ စျေးကို တစ်သိန်းလောက်ချ ဝယ် ကြတာပဲ။အခုအဲဒီထက်ပိုကျသွားတာ။ " လို့ တောင်သူ တစ်ဦးက ပြောပါတယ်။
သီတင်းကျွတ်ရုံးပိတ်ရက် မတိုင်မီက စပါးတင်း (၁၀၀) လျှင် အနိမ့်ဆုံးစျေးအဖြစ် (၂၁) သိန်းကျပ်အထက် စျေးပေါက်ခဲ့ပြီး၊ အဝယ်လိုက်ခဲ့သည့်အပြင် သီတင်းကျွတ် ရုံးပိတ်ရက်အပြီး စျေးကွက်ပြန်ဖွင့်ချိန်တွင် စပါးတင်း (၁၀၀) လျှင်( ၂,၀၅၀,၀၀၀) ကျပ်ကို ကျဆင်းခဲ့ပြီး၊ လက်ရှိအချိန်၌(၁၈) သိန်းကျပ်သာ ပေါက်စျေးဖြင့်အရောင်းအဝယ် အေးနေကြောင်းသိရသည်။
ရက်ပေါင်း (၂၀) ကျော်အတွင်းစပါးတင်း (၁၀၀) လျှင် (၃) သိန်းကျပ်ခန့် စျေးပြန်ကျသွားကြောင်း သိရသည်။
" (၁၁) ဧကရိတ်တာ အကုန်ရောင်းရတာ။ စပါး (၈၀၀) ကျော်ရတယ်။ (၁၈) သိန်းစျေးတောင်ဝယ်သူက အင်တင်တင် ဖြစ်နေတာ။ ပိုက်ဆံကလည်း အကြွေးရောင်းရသေးတယ်။ စပါးစျေးကျသွားတော့ ကျွန် မတို့မှာ စပါးတစ်ရာဖိုးလောက် နစ်နာသွားတယ်။ ရသင့်တဲ့စျေး မရတော့ နစ်နာမှုကြီးတယ်။ တောင်သူ တွေမှာ (၂၁) သိန်းစျေးလောက်ရောင်းရမှ သိသိသာသာ အမြတ်ကျန်တာပါ။ လယ်စိုက်တာ အချိန် (၆) လ လောက်ပေးရတယ်။ အရဲစွန့်ပြီး လုပ်ရတာ။ စပါးဘယ်လောက်ထွက်မယ်၊ စျေးဘယ်စျေးရမယ်ဆိုတာ မသိဘဲလုပ်ရတာ။ (၆) လရင်းထားရတာ တစ်ဧကကို (၈) သိန်းမြတ်မှ အချိန်နဲ့ပြန်တွက်ရင် တစ်လကို (၁၃၀,၀၀၀) ကျော် အမြတ်ပဲရတာ။ " လို့ ပြည်မြို့နယ်က တောင်သူတစ်ဦးက ပြောသည်။
လက်ရှိ ပဲခူးတိုင်းအနောက်ခြမ်းတွင်ကရင်မနှင့် ဧရာမင်းစပါးများကို အဓိက ရိတ်သိမ်းနေကြပြီး ကရင်မသည် အနိမ့်ဆုံး တင်း (၁၀၀) လျှင် (၁၈) သိန်းကျပ်၊ ဧရာမင်းသည် တင်း (၁၀၀) လျှင် (၂၃) သိန်းကျပ် ပေါက်စျေးရှိကြောင်း သိရသည်။
ကရင်မ စပါးအမျိုးအစားသည် စျေးတန်းနည်းသော်လည်း စပါးအထွက်နူန်းက တစ်ဧကလျှင် တင်း (၇၀) မှ (၈၅) တင်းအတွင်းထွက်ရှိပြီး၊ ဧရာမင်းစပါးမှာ တင်း (၅၀) မှ (၆၅) တင်းအတွင်းသာ ထွက်ရှိကြောင်းသိရသည်။