
ထိုက်စံ (NP News) - နိုဝင်ဘာ ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်အတွင်း အွန်လိုင်းလိမ်လည်လုပ်ငန်းလုပ်ကိုင်သူ ပြည်ပနိုင်ငံသားအပါအဝင် မြန်မာနိုင်ငံသား (၁၀၀)ကျော်ကို လုပ်ငန်းသုံး ပစ္စည်းများနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း အစိုးရ၏ ထုတ်ပြန်ချက်အရ သိရသည်။
ထိုသို့လုပ်ကိုင်နေကြောင်း သတင်းအရ လုံခြုံရေးပူးပေါင်းအဖွဲ့ဝင်များက ဝင်ရောက်ရှာဖွေရာ ပြီးခဲ့သည့်(နိုဝင်ဘာ ၂၀ ရက်)၊ ည (၁၁) နာရီခန့်က မရမ်းကုန်းမြို့နယ် အမှတ်(၅)ရပ်ကွက် မစိုးရိမ်ကျောင်းလမ်း အမှတ်(၁၉-A) နေအိမ် အတွင်းသို့ ဝင်ရောက်ရှာဖွေခဲ့ကြောင်း သိရသည်။
ထို့နောက် အွန်လိုင်းငွေကြေးလိမ်လည်မှုကျူးလွန်သူ တရုတ်နိုင်ငံသား ကျန်ယွီ ထုံးအပါအဝင် အမျိုးသမီး (၈)ဦး၊ အမျိုးသား (၂၅) ဦး၊ ထိုင်းနိုင်ငံသား အမျိုးသမီး(၂)ဦး၊ မြန်မာနိုင်ငံသား အမျိုးသား (၄၆) ဦး၊ အမျိုးသမီး (၂၄) ဦး၊ စုစုပေါင်း (၁၀၅) ဦးတို့အား ကွန်ပျူတာ (၆၉) လုံး၊ လက်ကိုင်ဖုန်းမျိုးစုံ (၂၃) လုံး၊ wifi စက်(၅)လုံးတို့နှင့်အတူ ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။
အဆိုပါရပ်ကွက်အတွင်း စုံစမ်းရှာဖွေ ဖော်ထုတ်စစ်ဆေးခြင်း လုပ်ငန်းများအား ဆက်လက်ဆောင် ရွက်ခဲ့ရာ မရမ်းကုန်းမြို့နယ် အမှတ်(၅) ရပ်ကွက် မစိုးရိမ်ကျောင်းလမ်း အိမ်အမှတ်(၄၃/၁)၌ အွန်လိုင်းငွေကြေး လိမ်လည်မှုကျူးလွန်ရာတွင် အသုံးပြု သည့် All in One ကွန်ပျူတာ (၁)လုံး နှင့် လက်ကိုင်ဖုန်းမျိုးစုံ (၁၂၁) လုံးအား ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
အွန်လိုင်းငွေကြေးလိမ်လည် မှုလုပ်ကိုင်သူများသည် ပြီးခဲ့သည့် မေလခန့်မှစ၍ မရမ်းကုန်းမြို့နယ် အမှတ်(၅)ရပ်ကွက် မစိုးရိမ်ကျောင်း လမ်း အိမ်အမှတ်(၁၉/A)တွင် အွန်လိုင်း ငွေကြေးလိမ်လည်မှု လုပ်ငန်းအား စတင်လုပ်ကိုင်ခဲ့ပြီး ၎င်းတို့သည် တရုတ်နိုင်ငံသုံး Application များအား အသုံးပြု၍ ငွေကြေးလိမ်လည်ခဲ့ကာ လစာအနေဖြင့် ယွမ် (၅၀၀၀) ခန့်ရရှိကြောင်း သိရသည်။
ထို့ပြင် လုပ်ငန်းလုပ်ကိုင်သူများ ခေါ်ယူရာတွင် Telegram မှတစ်ဆင့် တရုတ်စကားပြောနိုင်သူများကို ရွေးချယ် ပြီး နေ့စဉ် နံနက် (၈) နာရီမှ ည(၈) နာရီ အထိ အလုပ်လုပ်ကိုင်ကြကြောင်း၊ လုပ်ငန်းတာဝန်ခွဲဝေမှုအနေဖြင့် ငွေကြေး လိမ်လည်ရေးအဖွဲ့၊ အဆောက်အအုံ စောင့်ရှောက်ရေးအဖွဲ့၊ အစားအသောက်ပစ္စည်းပေးအပ်ရေးအဖွဲ့နှင့် ထမင်းချက်အဖွဲ့ စသည်ဖြင့် လေးဖွဲ့ထားရှိပြီး အွန်လိုင်းငွေကြေးလိမ်လည်မှု လုပ်ငန်း များ လုပ်ကိုင်နေကြကြောင်း သိရသည်။
အဆိုပါ အွန်လိုင်းငွေကြေးလိမ်လည်မှုကျူးလွန်ခဲ့သည့် ဖမ်းဆီးရမိသူများအား လိုအပ်သည့်စစ်ဆေးမှုများ ရွက်ပြီးစီးပါက တည်ဆဲဥပဒေများနှင့် အညီ ထိရောက်ပြင်းထန်စွာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ပြီး သိမ်းဆည်း ရမိသည့် လုပ်ငန်းသုံးပစ္စည်းများအား လုပ်ထုံးလုပ်နည်း များနှင့်အညီ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
