Voice of Myanmar

ဒီလပိုင်းအတွင်း ရထားနဲ့ တိုက်မိတဲ့ဖြစ်စဥ်များလာ

နိုဝင်ဘာ ၂၀ ၊ ၂၀၂၆

GG (VOM)

ဒီရက်ပိုင်းအတွင်းမှာ ရထားနဲ့ကား ၊ဆိုင်ကယ် တိုက်မိလို့ အမျိုးသားတယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ သုံးယောက်အထိ ရှိခဲ့တယ်လို့ သိရပါတယ်။

မနေ့က နိုဝင်ဘာ ၂၀ ရက်နေ့ ၊ မနက် ၁၀ နာရီကျော်လောက်မှာ ပဲခူးမြို့နယ်၊ ရွှေလှေကျေးရွာအုပ်စု၊ ကျောင်းစုကျေးရွာအနီး မြို့ရှောင်လမ်း ရထားသံလမ်းကူးဂိတ်မှာ လမ်းဖြတ်ကူးမောင်းတဲ့ဘိလပ်မြေတင်လာတဲ့ ၂၂ ဘီးကားနဲ့ ရထား တိုက်မိပြီးနှစ်ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။

ဒဏ်ရာရသူတွေဟာ ကားပေါ်က ယာဥ်မောင်းအမျိုးသား နဲ့ ရထားဂိတ်စောင့် အမျိုးသားရဲ့မိခင်ဖြစ်သူတို့ ​ဖြစ်ပါတယ်။

” ရထားလမ်းကူးမှာ ဂိတ်မောင်းတံရှိတယ်။ ဂိတ်စောင့်က ကုန်တင်ရထားလာလို့ လက်ပြတားပေမယ့် ကားသမားက ဖြတ်ကူးတာမှာ တိုက်မိတာ။ တကယ်ဆို ရထားလာချိန် ဂိတ်တံခါးရှိရင် ပိတ်ထားရမှာ။ ဂိတ်တံခါးမပိတ်ဘဲ လက်ပြတော့ ကားသမားကလည်း ကားတားတာလား ဘာလားမသဲကွဲပဲမောင်းတာမျိုးဖြစ်မယ်။ အဓိက ဂိတ်တံရှိရင် ပိတ်ကိုပိတ်ရမယ်။ ကား ၊ ဆိုင်ကယ်နဲ့ လူတွေကလည်း ရထားလာသံကြားရင် သေချာကြည့်ပြီးမှ လမ်းကူးဖို့လိုတယ်။ အခုက နှစ်ဘက်လုံးပေါ့ဆတယ်လို့မြင်တယ်။ ” လို့ ဖြစ်စဥ်သိသူဒေသခံက ပြောပါတယ်။

နိုဝင်ဘာ ၁၉ ရက်ကလည်း ပြည်မြို့နယ် ၊ မင်္ဂလာစည်တော်ရပ်ကွက်အနီး ရထားလမ်းမှာ ရထားနဲ့ဆိုင်ကယ်တိုက်မိပြီး အသက် ၄၄ နှစ်အရွယ် အမျိုးသားတယောက် သေဆုံးခဲ့ပါတယ်။

ရထားလမ်းဖြတ်ကူးတာမဟုတ်ဘဲ ရထားလမ်းဘေးရှိ မြေသားလမ်းကနေ ဆိုင်ကယ်မောင်းရင်းကနေ လမ်းချော်ပြီး ရထားလမ်းပေါ်ရောက်ချိန် ရထားနဲ့တိုက်မိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

” လမ်းဖြတ်ကူးတာမဟုတ်ဘူး ။ပွဲတော်ရက် လမ်းပိတ်နေတော့ ရထားလမ်းဘေးက သွားကြတာမှာ လမ်းကရေတွေနဲ့ ချိုင့်တွေနဲ့ဆိုတော့ ချိုင့်မှာခုန်ပြီး ရထားရှေ့ရောက်သွားပြီး တိုက်မိတာ ။ဖြစ်ပြီးပြီးချင်း ဆေးရုံကြီးကိုပို့တယ်။ပြီးတော့ရန်ကုန်လွှဲပေမယ့် လမ်းမှာပဲဆုံးသွားတာ။ ” လို့ ပြည်မြို့ဒေသခံက ပြောပါတယ်။

နိုဝင်ဘာလ ၁၈ ရက်‌ကလည်း မွန်ပြည်နယ် ၊ ပေါင်မြို့ ၊ ကဒါရပ်ကွက်၊ မြို့နယ်စည်ပင်သာယာရုံးအနီး ဘုရားလမ်းရှိ ရထားလမ်းကူးနေရာမှာ လမ်းပြင်ရထားနဲ့ ကုန်ကားတိုက်မိပြီး အမျိုးသားတယောက် ဒဏ်ရာရရှိခဲ့ပါတယ်။

အဲဒီရထားလမ်းကူးနေရာမှာလည်း ရထားဂိတ်မောင်းတံ ရှိပေမယ့် ရထားလာချိန် ဂိတ်တံမပိတ်ထားတဲ့အတွက် ကုန်တင်ကားက ဖြတ်မောင်းချိန် ရထားနဲ့တိုက်မိတာလို့ သိရပါတယ်။

အောက်တိုဘာ ၁၀ ရက်နေ့ ကလည်း ပဲခူးတိုင်း၊ ဖြူးမြို့နယ်ထဲက ရန်ကုန် – မန္တလေး မီးရထားလမ်းပိုင်းမှာ လမ်းဖြတ်ကူးတဲ့သားအမိ DEMU ရထားနဲ့တိုက်မိပြီး အမေဖြစ်သူသေဆုံးကာ ကလေးငယ် ဒဏ်ရာရရှိခဲ့ပါတယ်။

အလားတူ အောက်တိုဘာ ၁၀ ရက်မှာပဲ ရန်ကုန်တိုင်း၊ သာကေတမြို့နယ် ရှိ တိုင်းရင်းသားကျေးရွာအနီးမှာလည်း မီးရထား အတိုက်မိပြီး သံဃာတပါးပျံလွန်တော်မူခဲ့ပါတယ်။

အောက်တိုဘာ ၆ ရက်ကလည်း မွန်ပြည်နယ် ၊ပေါင်မြို့နယ်မှာ ရထားတိုက်ခံရပြီး အမျိုးသားတယောက်သေဆုံးမှုရှိခဲ့ပါတယ်။

စက်တင်ဘာ ၁၄ ရက် နေပြည်တော် – ရန်ကုန်ပြေးဆွဲတဲ့ အမှတ် ၈ အစုန် DEMU အမြန်ရထား နဲ့ လမ်းဖြတ်ကူးတဲ့ လယ်ထွန်စက်တိုက်မိပြီး အမျိုးသားနှစ်ယောက် သေဆုံးခဲ့ပါတယ်။

စက်တင်ဘာ ၁၃ ရက်မှာလည်း ရန်ကုန်မှာ အမှတ် ၅ အဆန် DEMU အမြန်ရထား နဲ့ လမ်းဖြတ်ကူးတဲ့ ဘေးတွဲဆိုင်ကယ်တို့ တိုက်မိပြီး ဆိုင်ကယ်မောင်းနှင်လာတဲ့ ဘုန်းကြီးနဲ့ ကိုရင်တပါး သေဆုံးကာ ရထားထိခိုက်ပျက်စီးမှု ဖြစ်ခဲ့ပါတယ်။

ရန်ကုန် – မန္တလေးရထားလမ်းအပါအဝင် မြန်မာနိုင်ငံမှာ ဇန်နဝါရီလကနေ အောက်တိုဘာ ၁၀ ရက်အတွင်း DEMU ရထားနဲ့ ရိုးရိုးရထားတိုက်ခံရလို့ သေဆုံးသူ ၁၅ ယောက်ထက်မနည်း ရှိခဲ့ပါတယ်။

မြန်မာ့မီးရထားဌာနတာဝန်ရှိသူတွေကတော့ ရထားနဲ့တိုက်မိတဲ့ မတော်တဆမှုတွေမဖြစ်အောင် ပိတ်သိမ်းဖိုလိုအပ်တဲ့ တရားမဝင်လမ်းကူးတွေကို ပိတ်သိမ်းခြင်း၊ မဖြစ်မနေထားရှိရမယ့် လမ်းကူးတွေမှာ ဂိတ်မောင်းတံနဲ့ ဂိတ်စောင့်ထားရှိခြင်း၊ ဂိတ်စောင့်မထားနိုင်တဲ့ လမ်းကူးတွေမှာ “ရပ်၊ ကြည့်၊ သွား” သတိပေးဆိုင်းဘုတ်တွေ စိုက်ထူဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ဓာတ်ပုံ – CJ

မူရင်းသတင်း — Voice of Myanmar