
ထိုက်စံ(NP News)- နိုဝင်ဘာ ၂၂
အကြမ်းဖက်အဖွဲ့များ ဖျက်ဆီးခဲ့သည့် (၂၃၀) ကေဗွီ တောင်ငူ-သာယာကုန်း ဓာတ်အားလိုင်းအား ပြင်ဆင်ပြီးဖြစ်၍ ရန်ကုန်နှင့် မြန်မာပြည်အောက်ပိုင်းသို့ (၂၀၀) မဂ္ဂါဝပ် ပိုမိုပို့လွှတ်နိုင်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
(၂၃၀) ကေဗွီ တောင်ငူ-သာယာကုန်း ဓာတ်အားလိုင်းသည် မြန်မာပြည်အထက်ပိုင်းရှိ ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများမှ ရန်ကုန်တိုင်းဒေသကြီးအပါအဝင် မြန်မာပြည်အောက်ပိုင်းရှိ ဓာတ်အား သုံးစွဲနေသော ပြည်သူများထံသို့ ဓာတ်အားပို့လွှတ်နိုင်ရန် တည်ဆောက် ထားခြင်းဖြစ်ရာ (၂၀၂၃) ခုနှစ်နှင့် (၂၀၂၄) ခုနှစ်အတွင်း (၁၂) ကြိမ်တိုင်တိုင် အကြမ်းဖက်သမားများ၏ ဖောက်ခွဲဖျက်ဆီးမှုများကြောင့် နေရာများစွာ ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဖျက်ဆီးခံရသည့်တာဝါတိုင်များ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ ကို လုံခြုံရေးရယူ၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ဝန်ထမ်းများ ဦးဆောင်ကာ ပြီးခဲ့သည့် မတ်လမှစတင်၍ ပြင်ဆင်ခဲ့ပြီး ပြင်ဆင်နေ သည့်ကာလများတွင်လည်း အကြမ်းဖက်သမားများက နည်းလမ်းမျိုးစုံ ဖြင့် နှောင့်ယှက်တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ အကြမ်းဖက်သမားများ၏ နှောင့်ယှက်တိုက်ခိုက်မှုများ ကြုံတွေ့နေရသည့်တိုင် ဝန်ထမ်းများ၏ ကြိုးပမ်းဆောင်ရွက်မှုများကြောင့် ပြီးခဲ့သည့် နိုဝင်ဘာ (၁၆) ရက်တွင် ရာနှုန်းပြည့် ပြင်ဆင်ပြီးစီးကာ ယင်းနေ့မှ စ၍ ဓာတ်အားစမ်းသပ်ပို့လွှတ်နိုင်ခဲ့ပြီး ယခုအချိန်တွင် ဓာတ်အားပုံမှန် ပို့လွှတ်နိုင်သည့်အခြေအနေသို့ ရောက်ရှိနေပြီဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ယင်းသို့ ဓာတ်အားပြန်လည်ပို့လွှတ်နိုင်မှုကြောင့် ရန်ကုန်တိုင်း ဒေသကြီးနှင့် မြန်မာပြည်အောက်ပိုင်းရှိ ဓာတ်အားသုံးစွဲနေသော ပြည်သူများထံသို့ (၂၀၀) မဂ္ဂါဝပ် ပိုမိုပို့လွှတ်နိုင်သည့်အပြင် ယခင်က ဓာတ်အားလိုင်းတစ်ခုတည်းဖြင့် ပေးပို့ရမှုကြောင့် ဖြစ်ပေါ်နေသည့် ဓာတ်အားလိုင်းစနစ်မတည်ငြိမ်မှုများ လျော့နည်းသွားပြီး ဓာတ်အားလိုင်းစနစ် ပိုမိုတည်ငြိမ်စွာ ဖြန့်ဖြူးပေးပို့နိုင်ပြီဖြစ်ကြောင်း သိရသည်။