
စော(NP News)- နိုဝင်ဘာ ၂၂
အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အကာကွယ် ပေးရေး ဥပဒေကို ပြီးခဲ့သည့် (နိုဝင်ဘာ ၂၀ရက်)က ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းလိုက်ကြောင်း သိရသည်။
အဆိုပါ ဥပဒေတွင် အခန်း (၂၀)ပြဋ္ဌာန်းထားပြီး အခန်း(၂)တွင် ရည်ရွယ်ချက်ကို အချက် (၆)ချက်ဖြင့် ဖော်ပြထားကာ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများနှင့်စပ်လျဉ်းသည့် သတင်းအချက်အလက်များ၊ နည်းပညာအထောက်အကူများ၊ ငွေကြေးပံ့ပိုးမှုများနှင့် အလုပ်အကိုင် ကျွမ်းကျင်မှုများ လွယ်ကူစွာရရှိနိုင်စေရန် ရည်ရွယ်ထားကြောင်း သိရသည်။
အဆိုပါလုပ်ငန်းများ၏ ကုန်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုများသည် နိုင်ငံတကာစံချိန်စံညွှန်းကိုက်ညီ၍ အရည်အသွေးပြည့်မီပြီး ပြည်တွင်း၊ ပြည်ပဈေးကွက်များသို့ လက်လှမ်းမီစေရန်နှင့် ယှဉ်ပြိုင်နိုင်စွမ်းရည် မြင့်မားတိုးတက်စေရန်၊ ယင်းလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာခြင်းအားဖြင့် ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းသစ် များနှင့်အတူ ဝင်ငွေတိုးတက်ရရှိလာစေရန်လည်း ပါဝင်ကြောင်း သိရသည်။
အလားတူ ယင်းလုပ်ငန်းများဆောင်ရွက်ရာတွင် လုပ်ငန်းဆိုင်ရာအခက်အခဲများနှင့် အဟန့်အတားများကို လျော့နည်းစေရန်၊ ဒီဂျစ်တယ်အသုံးပြုမှု၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာအသုံးပြုမှုနှင့် အွန်လိုင်းကုန်သွယ်မှုစနစ်တို့ ဖွံ့ဖြိုးတိုးတက်လာစေရေး ပံ့ပိုးကူညီပေးရန်လည်း ရည်ရွယ်ထားကြောင်း သိရသည်။
အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အကာအကွယ်ပေးရေးအတွက် လိုအပ်သောအထောက်အပံ့များ၊ အစီအစဉ်များ ဖြည့်ဆည်းဆောင်ရွက်ပေးခြင်းအားဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးကို ဆောင်ရွက်နိုင်စေရန်လည်း ပါဝင်ကြောင်း သိရသည်။
ယင်းဥပဒေအခန်း (၃)တွင် အခြေခံမူများ ၊ အခန်း (၄)တွင် ဗဟိုကော်မတီ ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ၊ အခန်း(၅)တွင် လုပ်ငန်းကော်မတီ ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ အခန်း(၆)တွင် အေဂျင်စီနှင့် ဒေသဆိုင်ရာအေဂျင်စီများ ဖွဲ့စည်းခြင်း၊ အခန်း(၇)တွင် ရန်ပုံငွေစီမံခန့်ခွဲမှု အဖွဲ့ ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ၊ အခန်း (၈)တွင် လုပ်ငန်းသုံးသပ်မှု အစီရင်ခံရေးအဖွဲ့ ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များနှင့် အခန်း (၉) တွင် တစ်နေရာတည်းတွင် ဝန်ဆောင်မှု ပေးသည့်အဖွဲ့ ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ ပါဝင်ကြောင်း သိရသည်။
ထို့ပြင် အခန်း(၁၀)တွင် သတင်းအချက်အလက် စုဆောင်းထိန်းသိမ်းခြင်းနှင့် ထုတ်ပြန်ခြင်း၊ အခန်း (၁၁) တွင် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေး ပံ့ပိုးဆောင်ရွက်ပေးခြင်း ၊ အခန်း (၁၂) တွင် သုတေသနလုပ်ငန်းများဆိုင်ရာ ဆောင်ရွက်ခြင်းနှင့် နည်းပညာများလွှဲပြောင်းပေးခြင်း၊ အခန်း (၁၃) တွင် ပြည်တွင်း၊ ပြည်ပ ဈေးကွက်များ ရှာဖွေချိတ်ဆက်ပေးခြင်း ၊ အခန်း (၁၄)တွင် အခွန်အကောက်ဆိုင်ရာကိစ္စရပ်များ ညှိနှိုင်းဆောင်ရွက်ပေးခြင်း၊ အခန်း (၁၅)တွင် စွန့်ဦးတီထွင်မှု၊ စွန့်ဦးတီထွင်ပညာရေးနှင့် ကျွမ်းကျင်မှုများ ဖွံ့ဖြိုးတိုးတက်လာစေရေး ပံ့ပိုးဆောင်ရွက်ခြင်းလည်း ပါဝင်ကြောင်း သိရသည်။
အလားတူ အခန်း (၁၆) တွင် အစပျိုးစီးပွားရေးလုပ်ငန်း (Start up Business) များ လုပ်ငန်းစတင်နိုင်ရန် ပံ့ပိုးခြင်း၊ အခန်း (၁၇)တွင် စီးပွားရေးလုပ်ငန်းဆိုင်ရာ အသင်းအဖွဲ့များ၏ အခန်းကဏ္ဍ၊ အခန်း (၁၈) တွင် စီးပွားရေးလုပ်ငန်းလုပ်ကိုင်သူ၏ တာဝန်နှင့် အခွင့်အရေး၊ အခန်း (၁၉)တွင် မှတ်ပုံတင်ခြင်း၊ အခန်း (၂၀) တွင် အထွေထွေတို့ဖြစ်ကြောင်း သိရသည်။