NP News

မိုင်းကိုင်မြို့အတွင်း အွန်လိုင်းလိမ်လည်လုပ်ငန်းလုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား(၂၅)ဦးကို လုပ်ငန်းဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းမိ

ထိုက်စံ (NP News) - နိုဝင်ဘာ ၂၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းကိုင်မြို့နယ်အတွင်း အွန်လိုင်းလိမ်လည်လုပ်ငန်းလုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား(၂၅)ဦးကို လုပ်ငန်းဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းမိခဲ့ကြောင်း နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြထားချက်အရ သိရသည်။

မိုင်းကိုင်မြို့နယ်အတွင်း အွန်လိုင်းငွေကြေးလိမ်လည်မှုနှင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုပြုလုပ်သူများသည် ယာယီလူနေတဲများဆောက်လုပ်၍ အခြေပြုခိုအောင်းလုပ်ကိုင်လျက်ရှိကြောင်း သတင်းပေးပို့ချက်အရ နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် တပ်မတော်စစ်ကြောင်းများက ယမန်နေ့(နိုဝင်ဘာ ၂၁ ရက်) က မိုင်းကိုင်မြို့နယ် လုံစံကျေးရွာ၏မြောက်ဘက် မီတာ (၂၇၀၀) ခန့်အကွာသို့အရောက်၌ အွန်လိုင်းငွေကြေးလိမ်လည်မှုကျူးလွန်ရာတွင် အသုံးပြုသည့် ယာယီတဲအချို့အား တွေ့ရှိရပြီး ဝန်းကျင်တစ်ဝိုက်ဆက်လက်ရှင်းလင်းရာ ၎င်းနေရာ၏ အနောက်မြောက်ဘက် မီတာ (၁၃၀၀) ခန့်အကွာ၌ အွန်လိုင်းငွေကြေးလိမ်လည်မှုများလုပ်ကိုင်နေသည့် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသော တရုတ်နိုင်ငံသားအမျိုးသား (၂၅) ဦးတို့အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးရမိသူများကို အွန်လိုင်းငွေကြေးလိမ်လည်မှုကျူးလွန်ရာတွင်အသုံးပြုသည့် အလျားပေ (၄၀) ၊ အနံပေ (၃၀)၊ ယာယီလူနေတဲ (၁)လုံး၊ အလျားပေ (၃၀) ၊ အနံ (၁၅) ပေ၊ ယာယီလူနေတဲ(၁)လုံး၊ အလျားပေ (၅၀)၊ အနံပေ (၃၀) ၊ ယာယီ လုပ်ငန်းသုံးတဲ(၁)လုံး၊ အလျား ပေ (၄၀)၊ အနံပေ (၂၀)၊ ယာယီစားချက်ဆောင်တဲ(၁)လုံး၊ ALL in One ကွန်ပျူတာ(၂)လုံး၊ ဖုန်းမျိုးစုံ (၃၉) လုံး၊ Starlink (၂)လုံး၊ Power Station (၂)လုံး၊ Gas မီးဖို(၂)လုံး၊ အင်တာနက်လိုင်းအားမြှင့်စက်(၂)လုံး၊ Router (၁)လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အဆိုပါ အွန်လိုင်းငွေကြေးလိမ်လည်မှုကျူးလွန်သူများသည် တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှတစ်ဆင့် မြန်မာ-တရုတ်နယ်စပ်မှ တရားမဝင်ခိုးဝင်၍ မြန်မာနိုင်ငံ ပန်ဆန်းမြို့သို့ဝင်ရောက်လာခဲ့ခြင်းဖြစ်ပြီး ထိုမှတစ်ဆင့် ဝမ်ဟိုင်း-ကျေးသီး-ပန်ပို-ဟမ်းငိုင်လမ်းကြောင်းမှ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းကိုင်မြို့နယ်၊ လုံစံ ကျေးရွာအနီးသို့ရောက်ရှိခဲ့ပြီး အွန်လိုင်းငွေကြေးလိမ်လည်မှုလုပ်ငန်းများအား နိုဝင်ဘာလပထမပတ်ခန့်မှစ၍ စတင်လုပ်ကိုင်ခဲ့ခြင်းဖြစ်ပြီး၊ လစာအနေဖြင့် တရုတ်ယွမ်ငွေ(၆၅၀၀) ခန့်ရရှိမည်ဖြစ်ပြီး လုပ်ငန်းလုပ်ကိုင်သည်မှာ (၁၅) ရက်ခန့်သာရှိသေး၍ လစာမရရှိသေးကြောင်း သိရသည်။

ထို့ပြင် ၎င်းတို့သည် ကွန်ပျူတာနှင့်ဖုန်းများအားအသုံးပြု၍ WE CHAT၊ MO MO နှင့် QQ APPLICATION စသည့် လူမှုကွန်ရက်များမှတစ်ဆင့် ငွေကြေးကြွယ်ဝချမ်းသာသူ တရုတ်နိုင်ငံသားများအား အဓိကပစ်မှတ်ထား ရှာဖွေရကြောင်း၊ ခင်မင်ရင်းနှီးမှုတည်ဆောက်ကာ အကျိုးတူစီးပွားရေးလုပ်ငန်းများတွင် ပါဝင်လာစေရေး လိမ်လည်ဆွဲဆောင်စည်းရုံးခြင်းများ ပြုလုပ်ရကြောင်း၊ သဘောတူလက်ခံ၍ အတူတကွဆောင်ရွက်ရန်ဆက်သွယ်လာပြီး အရင်းအနှီးများထည့်ဝင်လာသောအခါ အဆက်အသွယ်ဖြတ်တောက်ခြင်း၊ Online Website အတုများဖြင့် Online Shop လုပ်ငန်းများနှင့် အောင်မြင်ကျော်ကြားသော လူပုဂ္ဂိုလ်များ၏ အကောင့်အတုများဖွင့်လှစ်ကာ ငွေကြေးလိမ်လည်မှုပြုလုပ်ခြင်းများ ဆောင်ရွက်ရကြောင်း သိရသည်။
အဆိုပါ ဖမ်းဆီးရမိသူများအား စစ်ဆေးမှုများ ဆောင်ရွက်ပြီးစီးပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာ ပြင်းပြင်းထန်ထန်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ပြီး သိမ်းဆည်းရမိသည့် လုပ်ငန်းသုံးပစ္စည်းများကိုလည်း လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မူရင်းသတင်း — NP News