NP News

အမေရိကန် ဆုကြေးထုတ်ထားသည့် နာမည်ကျော် တိုင်ချန်း အွန်လိုင်းငွေလိမ်စခန်းကို KNU နှင့် DKBA ပေါင်းကာ နေရာပြောင်းပေးနေ

သန့်ဇင် (NP News) - နိုဝင်ဘာ ၂၂

အမေရိကန်နိုင်ငံက ဆုကြေးထုတ်ထားသည့် နာမည်ကျော် တိုင်ချန်း အွန်လိုင်းငွေလိမ်လုပ်ငန်းကို KNU နှင့် DKBA ပူးပေါင်းကာ နေရာပြောင်းပေးနေပြီဖြစ်ကြောင်း သိရှိသူသတင်းရင်းမြစ်က NP News သို့ ပြောသည်။

“တိုင်ချန်း(Tai Chang)” အွန်လိုင်းငွေ လိမ်လုပ်ငန်းသည် ယခင်က ကျောက်ခတ်တွင်အခြေချခဲ့ခြင်းဖြစ်ပြီး ဒေသတွင်းပဋိပက္ခများဖြစ်ပွားခဲ့ပြီးနောက် သဲဖြူချောင်းတစ်ဝိုက်သို့ ပြောင်းရွှေ့သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“တိုင်ချန်းဂရုက အရင်က ကျောက်ခတ်မှာ အဓိကတည်ထားတာ။ အဲဒီကနေမှ ဖလူးကြီး၊ ဖလူး လေးနဲ့ မင်းလက်ပံကို ထပ်ချဲ့တာပေါ့။ အဲဒီကနေမှ ပဋိပက္ခတွေဖြစ်တဲ့အချိန်မှာ မင်းလက်ပံကနေ ဗိုလ်သခွားသီးရဲ့ အွန်လိုင်း ငွေလိမ်လုပ်ငန်းကို ဒါဘောဝင် တဲ့အချိန်မှာ တိုင်ချန်းက သဲဖြူချောင်းအပေါ်ကို ရွှေ့ထားတာ။ သဲဖြူချောင်းနဲ့ အဲဒီ အနားမှာပေါ့။ ပထမဆုံး ခွဲထုတ်ထားတာပေါ့။ ကျောက်ခတ်ကတော့ လေ့ကျင့် ပေးတဲ့နေရာတွေပေါ့။ သဲဖြူချောင်း ကတော့ ကျောက် ခတ်နဲ့နီးတယ်။ ကျောက်ခတ်နဲ့ဖလူးကြားလို့ ပြောရမှာပေါ့”ဟု အထက်ပါသတင်းရင်းမြစ်က ပြောသည်။
အဆိုပါ တိုင်ချန်းဂရု(Tai Chang)အွန် လိုင်းငွေလိမ်လုပ်ငန်းများနှင့်ပတ်သက်သည့် သတင်း အချက်အလက် များအတွက် အမေရိကန်နိုင်ငံက ပြီးခဲ့သည့်ရက်ပိုင်းတွင် ဒေါ်လာ (၁၀)သန်းကျော်အထိ ဆုကြေးငွေပေးအပ်မည်ဟု ကမ်းလှမ်းထားကြောင်း သိရသည်။
ယင်းအွန်လိုင်းငွေလိမ်လုပ်ငန်းမှ ငွေလိမ်မှုများနှင့်ဆက်နွှယ်သည့် ငွေခဝါချမှုတွင်ပါဝင်သည့် ရန်ပုံငွေများကို သိမ်းဆည်းနိုင်ရန် သို့မဟုတ် ပြန်လည်ရရှိစေနိုင်မည့်သတင်းအချက်အလက်များအတွက် နိုင်ငံ၏ ဖြတ်ကျော်နိုင်ငံတကာ ရာဇဝတ်မှုခင်း ဆိုင်ရာဆုကြေးပေးရေးအစီအစဉ်အောက်မှ ဆုကြေး ပေးအပ်မည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
ယင်းထုတ်ပြန်ချက်ထွက်ရှိလာပြီးနောက် KNU အဖွဲ့မှ အယ်စေးဝါးနှင့်ဗိုလ်ဒါဘောတို့က တိုင်ချန်းငွေလိမ် လုပ်ငန်းများအတွင်း တရုတ်နိုင်ငံသားအပါအဝင် အွန်လိုင်းငွေလိမ်လုပ်ငန်း လုပ်ကိုင်သူများကို ဗိုလ်အေဝမ်းရှိရာ ဘုရားသုံးဆူသို့ ဆက်လက်ပြောင်း ရွှေ့ပေးနေကြောင်းလည်း အထက်ပါသတင်းရင်းမြစ်က ဆိုသည်။
“အခုက သဲဖြူချောင်းက အွန်လိုင်းငွေ လိမ်လုပ်ငန်းအကုန်လုံးကို ဘုရားသုံးဆူကိုရွှေ့တယ်။ အကုန်လုံးနော်။ တိုင်ချန်းဂရုတစ်ခုလုံးလို့ပြောလို့ရတယ်။ ကျောက်ခတ်မှာမလုပ်တော့ဘူး။ ပြောရရင် KNU နဲ့ DKBA အတူတူပေါင်း လုပ်တာပေါ့။ ဒါ ဘောရယ်၊ အေဝမ်းရယ်၊ အယ်စေးဝါးရယ်၊ စိုင်းကျော် လှတို့က အတူတူပဲလုပ်တာ” ဟု ၎င်းက ပြော သည်။
ဘုရားသုံးဆူမြို့သည် လက်ရှိတွင် DKBA အကာအကွယ်အောက်၌ အွန်လိုင်းငွေလိမ် လုပ်ငန်းများစွာ အခြေချ လည်ပတ်နေရာ ဒေသတစ်ခုအဖြစ် နာမည်ကျော်ကြားနေကြောင်း သိရသည်။
ထို့ကြောင့် ဘုရားသုံးဆူဒေသမှ အွန်လိုင်း ငွေလိမ်လုပ်ငန်းများကို ကူညီကာကွယ်ပေးနေသည် ဆိုကာ DKBA ခေါင်းဆောင်များဖြစ်သည့် စောရွှေဝနှင့်ဗိုလ်အေဝမ်းတို့ကို အမေရိကန်နိုင်ငံက နိုဝင်ဘာ (၂၀)ရက်တွင် အရေးယူ ဒဏ်ခတ်ပိတ်ဆို့လိုက် ကြောင်းထုတ်ပြန်ထားသည်။
အရေးယူပိတ်ဆို့ခြင်းကို အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ပပိုင်ဆိုင်မှုများ ထိန်းချုပ်ရေးရုံး(OFAC)က ထုတ်ပြန်လိုက်ခြင်းဖြစ်ပြီး မြန်မာ-ထိုင်းနယ်စပ်ရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းများကို လုံခြုံရေးပေးခြင်း၊ ယင်း လုပ်ငန်းများ လည်ပတ်ရန် ကူညီပေးခြင်းနှင့် လူကုန်ကူးခံရသူများ အကြမ်းဖက်ခံ ရခြင်းများတွင် စောရွှေဝနှင့်ဗိုလ်အေဝမ်းတို့ပါဝင် ကြောင်း ထုတ်ပြန်ချက်တွင်ရေးသားထားသည်။
အဆိုပါထုတ်ပြန်ချက်အတွင်း ဘုရားသုံး ဆူဒေသကို အွန်လိုင်းငွေလိမ်လုပ်ငန်းများလုပ်ကိုင်ရန် DKBA က ကူညီပေးခဲ့ကြောင်းနှင့် အွန်လိုင်းငွေ လိမ်လုပ်ငန်းအဆောက်အအုံများလည်း တိုးချဲ့ထား ကြောင်းရေးသားထားသည်။
လက်ရှိ တိုင်ချန်းဂရုကို နေရာပြောင်းရွှေ့ ပေးရာတွင် ကူညီပါဝင်ပေးနေသူများအတွင်း DKBA ခေါင်းဆောင် တစ်ဦးဖြစ်သည့် ဗိုလ်ချုပ် စိုင်းကျော်လှ လည်းပါဝင်ပြီး ၎င်းကို (၂၀၂၅)ခုနှစ် နိုဝင်ဘာလ (၁၂) ရက်က လူကုန်ကူးမှု၊ မူးယစ်ဆေးဝါးနှင့် အခြားရာဇဝတ်မှုများတွင်ပါဝင်ပတ်သက်သည်ဟုဆိုကာ အမေရိကန်အစိုးရက ပိတ်ဆို့အရေးယူထား ကြောင်း သိရသည်။
အဆိုပါ တိုင်ချန်းငွေလိမ်လုပ်ငန်းခွဲသည် ယခင်က မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့တွင် အခြေ ချခဲ့ခြင်းဖြစ်ပြီး တပ်မတော်က ဝင်ရောက်ရှင်းလင်းရာတွင် KNU ၊ PDF အဖွဲ့များက ကာကွယ်ပေးထား ကြောင်းလည်း အစိုးရက သတင်းထုတ်ပြန်ခဲ့ဖူးသည်။

မူရင်းသတင်း — NP News