Voice of Myanmar

တောင်ကြီးတန်ဆောင်တိုင်ပွဲမှာ လူကြပ်လို့ တညတည်း လူ ၇၀ နီးပါးမူးမေ့လဲခဲ့ပြီး ခိုက်ရန်ဖြစ်ပွားမှုတွေလည်းရှိခဲ့

နိုဝင်ဘာ ၂၂ ၊ ၂၀၂၆

GG (VOM)

တောင်ကြီးတိုင်တန်ဆောင်တိုင်ပွဲတော်မှာ ညက လူများပြီး လူကြပ်လို့ ပွဲတော်လာသူတွေထဲ သတိလစ်မူးမေ့လဲသူ ၇၀ နီးပါးအထိ ရှိခဲ့သလို ခိုက်ရန်ဖြစ်ပွားမှုတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။

မူးမေ့လဲသူတွေထဲကမှ လေးယောက်ကို ဆေးရုံကို ပို့ဆောင်ကုသခဲ့ရပြီး ကျန်သူတွေကိုတော့ ပွဲတော်အတွင်းဖွင့်ထားတဲ့ ကျန်းမာရေးဆေးပေးခန်းက တာဝန်ကျ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ကြက်ခြေနီအဖွဲ့က ကုသမှုပေးခဲ့ပါတယ်။

အလားတူ ခိုက်ရန်ဖြစ်ပွားသူတွေကိုလည်း အဲဒီဆေးပေးခန်းမှာပဲ ဆေးကုသမှုပေးခဲ့ကြောင်း ပွဲတော်ကျင်းပတဲ့ ၁၆ ရက်နေ့ကစပြီး နိုဝင်ဘာ ၂၁ ရက်နေ့ညအထိ နေ့စဥ်နီးပါး မူးမေ့ လဲသူနဲ့ ခိုက်ရန်ဖြစ်ပွားမှုတွေရှိတယ်လို့ ဒေသခံကဆိုပါတယ်။

” ညက လူတော်တော်ကိုပိုများတယ်ထင်ရတယ်။ ဝေဂမီး ကနာမည်ကြီးတော့ လာကြည့်ကြတာ။ ရှမ်းတောင်တခွင်က လူတင်အများကြီးကို ခရီးသွားဧည့်သည်တွေနဲ့ဆိုတော့ လူတွေကြပ်၊ လမ်းတွေပိတ်ပေါ့။လူတွေကကြပ်တာမှ တိုးကိုမရတာဆိုတော့ စတိတ်ရှိုးအသံတွေ နဲ့လူကကြပ် ရှေ့တိုးမရနောက်ဆုတ်မရ အသက်ရှူမရနဲ့ မူးမေ့လဲကျတာ ။ တချို့ဆိုလမ်းတင်လှည့်ပြန်ရတာလည်းရှိတယ်။” လို့ ဒေသခံက ပြောပါတယ်။

ဒီနှစ် တောင်ကြီးတန်ဆောင်တိုင်ပွဲတော်မှာ ခရီးသွားဧည့်သည်ဝင်ရောက်မှုများပြားပြီး ဟိုတယ်၊ တည်းခိုခန်း နဲ့ မိုတယ်အခန်းအားလုံး ပြည့်ကာ ပွဲတော်ဖွင့်ပွဲနေ့ကတည်းက လမ်းတွေပိတ်တဲ့အထိ တန်ဆောင်တိုင် ပွဲတော်က စည်ကားခဲ့တယ်လို့ သိရပါတယ်။

” အခုက ငှားမယ်ဆို အိမ်ခန်းတောင် နေရာတိုင်းမရတော့ဘူး။ ဟိုတယ်တွေကလည်းအပြည့်ပဲ။ ငှားပြီးသားသူတွေ မနေတော့လို့ ပြန်ငှားတာမျိုးပဲရမယ်။ညနေမရောက်ခင်ကတည်းက လမ်းတွေ ကြပ်နေပြီ။ လမ်းပိတ်မှာစိုးလို့ ကြိုထွက်တော့ အဲကတည်းက ကြပ်တာပဲ။ ပွဲခင်းထဲ အရက် ဘီယာမရောင်းရဘူးပြောလည်း အဲဒီဆိုင်တွေချည်းပါပဲ။ ” လို့ ဒေသခံက ပြောပါတယ်။

တောင်ကြီးတန်ဆောင်တိုင်ပွဲတော်မှာ ဆိုင်ကယ်အပ်ခ ၅၀၀၀ မှ ၁၀၀၀၀ အကြားရှိပြီး ကားအပ်ခက ၁၀၀၀၀ မှ ၂၀၀၀၀ ကျပ်အထက်ရှိကြောင်း ၊ အစားအသောက်စျေးနူန်းတွေ နဲ့ ဘီယာဆိုင်ကရောင်းချတဲ့စျေးနူန်းတွေလည်း အဆမတန် ကြီးမြင့်နေတယ်လို့ ဝေဖန်မှုတွေရှိနေပါတယ်။

ဆိုင်ခန်းငှားခတွေက ဆိုင်ခန်းအကျယ်အဝန်းအပေါ်လိုက်ပြီး ပွဲတော်အစအဆုံးအတွက် တခန်းကို အမြင့်ဆုံး ကျပ်သိန်း တရာအထက်ရှိတယ်လို့သိရပါတယ်။

တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကိုတော့ နိုဝင်ဘာ ၁၆ ရက်နေ့မှာ စတင်ဖွင့်လှစ်ခဲ့ပြီး ၂၄ ရက်နေ့အထိ ဆက်လက်ကျင်းပကာ နိုဝင်ဘာ ၂၅ ရက်နေ့မှာတော့ ပွဲတော် ပိတ်ပွဲနဲ့ဆုပေးပွဲ ပြုလုပ်သွားမှာ ​ဖြစ်ပါတယ်။

ဓာတ်ပုံ – EXITHAMSTER

မူရင်းသတင်း — Voice of Myanmar