NP News

(၃) နှစ်နီးပါး ပိတ်ထားရသည့် ကျုံဒိုးသုသာန်အား မိုင်းရှင်းလင်းရေးလုပ်ကာ အမြန်ဆုံးပြန်ဖွင့်ပေးရန် ဒေသခံများ လိုလားနေ

သန့်ဇင် (NP News) - နိုဝင်ဘာ ၂၂

ကရင်ပြည်နယ်၊ ကျုံဒိုးမြို့ရှိ (၃) နှစ်နီးပါး ပိတ်ထားရသည့် ကျုံဒိုးသုသာန်အား မိုင်းရှင်းလင်းရေးများလုပ်ကာ အမြန်ဆုံးပြန်လည် ဖွင့်လှစ်ပေး စေလိုကြောင်း ဒေသခံများထံ NP News က ဆက်သွယ်မေးမြန်းထားချက်အရ သိရသည်။
(၂၀၂၄) ခုနှစ် ဧပြီလက KNLA အဖွဲ့၏ တိုက်ခိုက်မှုအတွင်း စတင်ပိတ်ထားခဲ့ရသည့် ကျုံဒိုးသုသာန်သည် လက်ရှိ အချိန်အထိ ပြန်လည်ဖွင့်လှစ်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။
“လူကြီးတွေကို တောင်းဆိုရမှာက ကျွန်တော်တို့ ကျုံဒိုးမှာ ဒေသခံတွေ ပြန်ဝင်တာလည်းကြာပြီ၊ နေလည်း နေနေ ကြပြီဆိုတော့ ကျွန်တော်တို့ သင်္ချိုင်းကို ပြန်မဖွင့်ပေးတာက ဘာလို့လဲမသိဘူး။ မဖွင့်ပေးသေးဘူးဆိုတော့ မြို့သူမြို့ သားတွေ တော်တော်ဒုက္ခရောက်နေတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
အဆိုပါ သုသာန်အား မဖွင့်လှစ်နိုင်သေးခြင်းမှာ သုသာန်အတွင်း မိုင်းရှင်းလင်းရေးများ လုပ်ဆောင်ရန် ကျန်ရှိနေ ခြင်းကြောင့်ဟု သိရကြောင်း ၎င်းက ဆိုသည်။

“သူတို့ကတော့ မိုင်းမရှင်းရသေးဘူးလို့ ပြောတယ်။ အဲဒီတော့ မချရသေးဘူးလေ” ဟု အထက်ပါသတင်းရင်းမြစ်က ပြောသည်။
ကျုံဒိုးသုသာန်ပြန်လည်မဖွင့်လှစ်နိုင်သေးသည့်ကာလအတွင်း ဂျိုင်းမြစ်တစ်ဖက်ကမ်းရှိ ရိုးမဟာရွာသုသာန်သို့ သွားရောက် သင်္ဂြိုဟ်ကြရကြောင်း ၎င်းက ဆက်ပြောသည်။
“အဲဒီတော့ ကျွန်တော်တို့က ဂျိုင်းတံတားကိုကျော်ပြီးတော့ ရိုးမဟာမှာ သွားပေါင်းချရတယ်။ ရိုးမဟာက ကျုံဒိုး ကနေ အဲဒီကိုသွားတဲ့အချိန်မှာ နည်းနည်းလေး မတတ်နိုင်တဲ့လူကတော့ ကုန်ကျစရိတ်ရှိတယ်လေ။ ကိုယ့်သင်္ချိုင်းနဲ့ ကိုယ်ကတော့ အဆင်ပြေတယ်။ ပရဟိတအဖွဲ့က များတာကိုး” ဟု အထက်ပါ သတင်းရင်းမြစ်က ဆိုသည်။
လက်ရှိတွင် ကျုံဒိုးသုသာန် ပြန်လည်ဖွင့်လှစ်နိုင်ရေး ကရင်ပြည်နယ်အစိုးရအဖွဲ့ထံ တင်ပြထားကြောင်းနှင့် ကရင် ပြည်နယ်လွှတ်တော်မှတစ်ဆင့် မည်သည့်အချိန်တွင် ပြန်လည်ဖွင့်လှစ်နိုင်မည်ကို မေးမြန်းရန် စီစဉ်ထားကြောင်း လည်း အထက်ပါ သတင်းရင်းမြစ်က ဆိုသည်။
“အဲဒီလိုဆို‌တော့ ကရင်ရောက်တုန်းက ဝန်ကြီးချုပ်ကိုပြောဖို့ လုပ်နေတယ်။ လွှတ်တော်တော့ တင်ပေးထားမယ် ပြောတယ်။ ကျွန်တော် သတင်းပို့ခဲ့တယ်။ မြို့သူမြို့သားတွေ ဒုက္ခရောက်နေတဲ့အတွက် မိုင်းရှင်းပေးဖို့ ပြောခဲ့တယ်။ အခုအဲဒါကတော့ မြို့သူမြို့သားကတော့ အကူအညီတောင်းတယ်။ လွှတ်တော်ကိုလည်း တင်ထားတယ်ပြော တယ်။ တပ်က နောက်မှ နယ်မြေရှင်းပေးမယ်ပြောတယ်။ အခုတော့ ထပ်တင်ပေးဖို့ ပြောထားတယ်။ မြို့သူမြို့သား ကလည်း အရင်းကတည်းက မြို့ကိုမစွန့်ခွာခဲ့ဘူး။ ကုန်ကျစရိတ်က သိန်းဂဏန်းလောက်ရှိတယ်။ အခုဆီဖိုးနဲ့ ဘာနဲ့ ဆိုရင် မလွယ်ဘူးလေ” ဟု ၎င်းက ပြောသည်။
၂၀၂၄ ခုနှစ်က ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း ကျုံဒိုးမြို့သုသာန်သည် ထိခိုက်မှုများစွာရရှိပြီး မီးသင်္ဂြိုဟ် စက်နှင့် မီးစက်များပါ ပျက်စီးသွားခဲ့ရာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်ရန်လည်း လိုအပ်ချက်များ ရှိနေကြောင်း သိရသည်။

မူရင်းသတင်း — NP News