Myanmar Transparency News

မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် အမျိုးသားအကျိုးစီးပွားကို ထိခိုက်စေနိုင်သည့် ICJ ၏ တရားမမျှတစွာ စီရင်ဆုံးဖြတ်မှုများကို လုံးဝ (လုံးဝ) လက်မခံနိုင်ကြောင်း ပြည်သူ့ရှေ့ဆောင်ပါတီက လေးနက်စွာသဘောထားထုတ်ပြန်

MT News
၂၃. ၁၁. ၂၀၂၆

မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် အမျိုးသားအကျိုးစီးပွားကို ထိခိုက်စေနိုင်သည့် ICJ ၏ တရားမမျှတစွာ စီရင်ဆုံးဖြတ်မှုများကို လုံးဝ (လုံးဝ) လက်မခံနိုင်ကြောင်း ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) က လေးနက်စွာသဘောထားထုတ်ပြန်လိုက်သည်။

၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာတရားရုံး (International Court of Justice – ICJ) မှ ဂမ်ဘီယာနှင့် မြန်မာ အပေါ်ချမှတ်ခဲ့သည့် အပြီးသတ်စီရင်ချက်ကို ပြည်သူ့ရှေ့ဆောင်ပါတီအနေဖြင့် နိုင်ငံတော်နှင့် နိုင်ငံသားများ၏ ရေရှည်အကျိုးစီးပွား၊ နိုင်ငံတကာဥပဒေစံနှုန်းများနှင့်အညီ အလေးအနက်လေ့လာသုံးသပ်လျက်ရှိသည်ဟု ဖော်ပြသည်။

အဆိုပါစီရင်ချက်တွင် မြန်မာနိုင်ငံအား လူမျိုးသုဉ်း (တုံး) သတ်ဖြတ်မှု ကျူးလွန်ရာတွင် တာဝန်ရှိကြောင်း ဆုံးဖြတ်ခဲ့သည့် အဓိကအချက်သည် တရားရုံးတစ်ရပ်လုံး တညီတညွတ်တည်းဆုံးဖြတ်ခဲ့ခြင်း မဟုတ်ဘဲ တရားသူကြီး ၉ မဲ – ၆ မဲ ဖြင့်သာ မဲကွဲလွဲဆုံးဖြတ်ခဲ့ခြင်းကို တွေ့ရှိရသည်။ ICJ ဒုတိယဥက္ကဋ္ဌအပါအဝင် တရားသူကြီး ၆ ဦးက အဆိုပါအဓိကဆုံးဖြတ်ချက်အပေါ် ကန့်ကွက်မဲပေးခဲ့ကြခြင်းသည် လူမျိုးသုဉ်းသတ်ဖြတ်လိုသော အထူးရည်ရွယ်ချက် (Dolus Specialis)၊ သက်သေပြရန်စံနှုန်းနှင့် နိုင်ငံတော်၏ တိုက်ရိုက်တာဝန်ရှိမှုဆိုင်ရာ ဥပဒေအဓိပ္ပာယ်ဖွင့်ဆိုချက်များအပေါ် နိုင်ငံတကာတရားသူကြီးများ အကြား၌ပင် လေးနက်သော ဥပဒေအမြင်ကွဲလွဲမှုများရှိနေကြောင်း ထင်ရှားစေသည်။ သို့ဖြစ်ရာ နိုင်ငံတော်၏အချုပ်အခြာအာဏာနှင့် ရခိုင်ပြည်နယ်၏ ရှုပ်ထွေးနက်နဲသော မြေပြင်လုံခြုံရေးအခြေအနေများကို ထောက်ရှု၍ အဆိုပါစီရင်ချက်ပါ အဓိကဥပဒေကောက်ချက်များနှင့် သက်သေအထောက်အထားသုံးသပ်မှုအချို့အပေါ် ပါတီအနေဖြင့် အပြည့်အဝသဘောတူလက်ခံနိုင်ခြင်းမရှိကြောင်းလည်း ဖော်ပြသည်။

ထို့အပြင် စီရင်ချက်၌ပင် စာချုပ်အပိုဒ် ၂ (ဂ) ပါ ရုပ်ပိုင်းဆိုင်ရာ ပျက်သုဉ်းစေရန် လူနေမှုအခြေအနေများ တမင်ဖန်တီးခြင်း စွပ်စွဲချက်ကို သက်သေမပြနိုင်ကြောင်းဆုံးဖြတ်ခဲ့ခြင်း၊ တိုက်ရိုက်နှင့် လူသိရှင်ကြားလှုံ့ဆော်မှုစွပ်စွဲချက်ကို ၁၄-၁ မဲဖြင့် ပယ်ချခဲ့ခြင်းနှင့် ကျန်တောင်းဆိုချက်များကို ၁၅- ၀ မဲဖြင့် ပယ်ချခဲ့ခြင်းတို့သည် ယခုအမှု၏ အချက်အလက်နှင့် ဥပဒေကြောင်းဆိုင်ရာ ရှုပ်ထွေးမှုကို ထင်ဟပ်လျက်ရှိသည်။

အပြည်ပြည်ဆိုင်ရာတရားရုံး၏ စီရင်ချက်ပါ အဓိကဥပဒေကောက်ချက်အပေါ် သဘောထားကွဲလွဲသော်လည်း နိုင်ငံတကာဥပဒေစံနှုန်းများနှင့် တရားဥပဒေစိုးမိုးရေးမူဝါဒကို အစဉ်အလေးထားသည်။ မည်သည့်လူမျိုးစု၊ ဘာသာရေးအသိုင်းအဝိုင်းအပေါ်မဆို ကျူးလွန်သည့် အကြမ်းဖက်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို လုံးဝဆန့်ကျင်ပြီး ဖြစ်ပွားခဲ့သည့် ပဋိပက္ခများအတွင်း ဥပဒေချိုးဖောက်မှုများရှိခဲ့ပါက ပြည်တွင်းတရားစီရင်ရေးစနစ်ဖြင့် ပွင့်လင်းမြင်သာစွာ စုံစမ်းစစ်ဆေးအရေးယူခြင်းနှင့် လိုအပ်သော ပြည်တွင်းဥပဒေပြဋ္ဌာန်း ပြုပြင်ပြောင်းလဲခြင်းများဆောင်ရွက်ရန် အခိုင်အမာနားလည်လက်ခံသဘောတူသည်။

ရခိုင်ပြည်နယ်အတွင်း နေထိုင်ကြသည့် ဒေသခံပြည်သူအားလုံး၏ ဘေးကင်းလုံခြုံရေး၊ လူသားချင်းစာနာထောက်ထားမှု အကူအညီများရရှိရေးနှင့် နေရပ်စွန့်ခွာသူများအရေးအား တည်ဆဲဥပဒေများ၊ နိုင်ငံတကာစံနှုန်းများနှင့်အညီ လူ့ဂုဏ်သိက္ခာရှိရှိ ရေရှည်တည်တံ့သော အဖြေရှာနိုင်ရေးတို့သည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်ရေးအတွက် အဓိကကျကြောင်း ယုံကြည်သည်။

စီရင်ချက်အရ လာမည့် ၂ နှစ်အတွင်း ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် နိုင်ငံတကာသံတမန်ရေးရာ စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းရာတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၏ ရပ်တည်မှုများကို အစဉ်တစိုက်ထောက်ခံအားပေး ရပ်တည်သွားမည်ဖြစ်ကြောင်းနှင့် အပြည်ပြည်ဆိုင်ရာတရားရုံး၏ စီရင်ချက်တွင်ပါရှိသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် အမျိုးသားအကျိုးစီးပွားကို ထိခိုက်စေနိုင်သည့် တရားမမျှတစွာ စီရင်ဆုံးဖြတ်မှုများကို လုံးဝ (လုံးဝ) လက်မခံနိုင်ကြောင်း လေးနက်စွာ သတင်းထုတ်ပြန်အပ်သည်ဟု PPP ၏ ထုတ်ပြန်ချက်က ဖော်ပြထားသည်။

မူရင်းသတင်း — Myanmar Transparency News