
စိမ့်စမ်းရေ (NP News) - နိုဝင်ဘာ ၂၃
အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) ၏ မြန်မာနိုင်ငံအပေါ် ဆုံးဖြတ်ချက်နှင့်ပတ်သက်၍ ကန့်ကွက်ကြောင်းကို ယနေ့(နိုဝင်ဘာ ၂၃ ရက်) အထိ ပြည်တွင်းပါတီနှင့် အစုအဖွဲ့ပေါင်း (၂၀)ကျော်က သဘောထားထုတ်ပြန်ထားကြောင်း သိရသည်။
ICJ တရားရုံးအနေဖြင့် မြန်မာနိုင်ငံက အသိအမှတ်မပြုထားသည့် လူမျိုးအမည်ကိုအသုံးပြု၍ ဆုံးဖြတ်ချက်ချမှတ်ခဲ့ခြင်းမှာ မှန်ကန်မှုမရှိကြောင်းနှင့် ယင်းအမည်ကိုအသိအမှတ်ပြု၍ ပြန်လည်လက်ခံရန်နှင့် လျော်ကြေးပေးရန် ဆုံးဖြတ်ထားခြင်းများသည် အမှန်တရားနှင့် ကင်းကွာနေကြောင်း နေပြည်တော်အမျိုးသားရေးအဖွဲ့က နိုဝင်ဘာ (၂၀) ရက်က ထုတ်ပြန်ထားသည်။
ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ARSA အကြမ်းဖက်အဖွဲ့၏ တိုက်ခိုက်မှုများနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ၊ ဟိန္ဒူဘာသာဝင် များအပေါ် သတ်ဖြတ်မှုများကို ICJ တရားသူကြီးများက ထည့်သွင်းစဉ်းစားခြင်းမရှိကြောင်းလည်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် နိုင်ငံတစ်နိုင်ငံ၏ အချုပ်အခြာအာဏာကို အလေးထားရန်လိုအပ်ပြီး ICJ ၏ ဆုံးဖြတ်ချက်များအပေါ် နိုင်ငံတော်အစိုးရအနေဖြင့် ပြတ်သားစွာတုံ့ပြန်ရန်နှင့် ယင်းဆုံးဖြတ်ချက်များကို လိုက်နာဆောင်ရွက်ခြင်းမပြုရန်လည်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
အဆိုပါ ထုတ်ပြန်ချက်အပြင် ICJ ၏ဆုံးဖြတ်ချက်ပါ အချက်အလက်များအပေါ် သဘောမတူကြောင်းနှင့် အဆိုပါဆုံးဖြတ်ချက်အပေါ်ကန့်ကွက်ကြောင်း ပြည်တွင်းရှိ နိုင်ငံရေးပါတီများနှင့် အသင်းအဖွဲ့ပေါင်း (၂၀) ကျော်ကလည်း သဘောထားများ အသီးသီးထုတ် ပြန်ထားသည်။
ICJ ၏ ဆုံးဖြတ်ချက်အပေါ် ကန့်ကွက်ကြောင်း သဘောထားထုတ်ပြန်ချက်များအား မျိုးချစ်သမဂ္ဂအင်အားစု (မွန်ပြည်နယ်)၊ ရှမ်းနှင့် တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (ကျားဖြူ ပါတီ)၊ နေပြည်တော်အမျိုးသားရေးအဖွဲ့၊ မြန်မာသွေးအသင်း၊ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP)၊ ရခိုင့်ဦးဆောင်ပါတီ (AFP)၊ မြန်မာနိုင်ငံ ဟာသပညာရှင်များအစည်းအရုံး (ဗဟို)၊ International Buddhist Education Centre (IBEC)၊ မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ (ရန်ကုန်)၊ မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ မြန်မာ့အမျိုးသားရေး ကွန်ရက်၊ မျိုးချစ်ညီနောင်၊ ခေတ်သစ်လူမှု ကူညီရေးအသင်း (MMC)နှင့် အမျိုးသားအကျိုးစီးပွားတိုးတက်ရေးပါတီတို့ ပါဝင်ကြောင်း သိရသည်။
ထို့ပြင် အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ်ပါတီ၊ ပြည်သူ့အလုပ်သမားပါတီ၊ ဒီမိုကရက်တစ်ပါတီ၊ ဒီမိုကရက်တစ်အင်အား စုလေ ဘာပါတီ၊ အမျိုးသားနိုင်ငံရေးအားမာန်သစ်ပါတီ၊ ခေတ်သစ်ပြည်သူ့ပါတီနှင့်မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီ (၇) ခုမှလည်း ကန့်ကွက်ကြောင်း ပူးတွဲသဘောထားထုတ်ပြန်ချက် ထုတ်ပြန်ထားကြောင်း သိရသည်။