Myanmar Transparency News

တူရကီနိုင်ငံတွင် အစိုးရကို ဝေဖန်ထောက်ပြသည့် မီဒီယာဌာနများ ပိတ်ခံရမှုအပေါ် ထောင်နှင့်ချီသော ပြည်သူများ ဆန္ဒပြကန့်ကွက်

၂၃.၁၁.၂၀၂၆
Translated by Htwe Ko Tun

တူရကီနိုင်ငံတွင် သတင်းမီဒီယာလွတ်လပ်ခွင့်ကို ထောက်ခံကြောင်း ပြသရန်အတွက် ဆန္ဒပြပြည်သူများက အစ္စတန်ဘူလ်မြို့၌ နိုဝင်ဘာလ ၂၂ ရက်က စုဝေးခဲ့ကြကြောင်းသိရသည်။ ရဲတပ်ဖွဲ့က Sozcu TV ရုပ်သံဌာနကို ဝင်ရောက်စီးနင်းပြီး အကြီးတန်းဝန်ထမ်းအချို့ကို ဖမ်းဆီးလိုက်ပြီးနောက် ရက်ပိုင်းအကြာမှာပင် ဤဆန္ဒပြပွဲကို ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ဤဆန္ဒပြပွဲကို အတိုက်အခံဘက်ယိမ်းသည့် မီဒီယာဌာနအချို့ ပိတ်ခံရမှုအား ကန့်ကွက်ရှုတ်ချရန် အတွက် အစ္စတန်ဘူလ်မြို့တွင် နိုဝင်ဘာလ ၂၂ ရက်က လူထောင်ပေါင်းများစွာ လမ်းမပေါ်ထွက် ပြုလုပ်ခဲ့ကြသည်။

ဆန္ဒပြသူများသည် မြို့တွင်း၌ ကီလိုမီတာအတော်ကြာ ချီတက်လမ်းလျှောက်ကြစဉ် ကြွေးကြော်သံများ ဟစ်ကြွေးခြင်း၊ အားပေးအော်ဟစ်ခြင်းနှင့် တံတွေးမှုတ်သံများ ပြုလုပ်ခြင်းတို့ဖြင့် သတင်းမီဒီယာ လွတ်လပ်ခွင့်နှင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တို့ကို တောင်းဆိုခဲ့ကြသည်။

၎င်းတို့က”ကျွန်ုပ်တို့သည်အတွေးအခေါ်လွတ်လပ်ခွင့်၊ သတင်းမီဒီယာလွတ်လပ်ခွင့်နှင့်သတင်းထောက် များအတွက် လွတ်လပ်ခွင့်ကို လိုလားသည်” ဟု ရေးသားထားသည့် ဧရာမ ကြွေးကြော်သံစာသား ဆိုင်းဘုတ်တစ်ခုကို ကိုင်ဆောင်ချီတက်ခဲ့ကြသည်။ ထို့အပြင် “သတင်းမီဒီယာကို တိတ်ဆိတ်သွားအောင် လုပ်၍မရနိုင်ပါ” ဟု ရေးသားထားသည့် ဆိုင်းဘုတ်များကိုလည်း ကိုင်ဆောင်ထားကြသည်။

အတိုက်အခံဘက်ယိမ်းသည့် နောက်ဆုံးကျန်ရှိနေသော ရုပ်သံလိုင်းများထဲမှ တစ်ခုဖြစ်သည့် Sozcu TV ကို ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းပြီးနောက် ရက်ပိုင်းအကြာမှာပင် တူရကီနိုင်ငံ၏ အဓိက အတိုက်အခံပါတီဖြစ်သော Yeni Parti က ဆန္ဒပြရန် တိုက်တွန်းခဲ့သည်။

ထိုသို့ ဝင်ရောက်စီးနင်းစဉ် အကြီးတန်း ဝန်ထမ်းအချို့ ဖမ်းဆီးခံခဲ့ရသည်။ အစိုးရက ခန့်အပ်ထားသည့် ကြီးကြပ်ရေးမှူးတစ်ဦးကို တာဝန်ပေးအပ်လိုက်ပြီး၊ အဆိုပါ ရုပ်သံကုမ္ပဏီကို အစိုးရ၏ မဖြစ်မနေ စီမံခန့်ခွဲမှုအောက်သို့ ရောက်ရှိစေခဲ့သည်။

ဤဖြစ်ရပ်သည် Tele1၊ Halk TV (တူရကီတွင် ကြည့်ရှုသူအများဆုံး သတင်းလိုင်း) နှင့် ထိပ်တန်း ဒစ်ဂျစ်တယ် သတင်းဝက်ဘ်ဆိုက်တစ်ခုဖြစ်သည့် T24 တို့အပေါ် အလားတူ လုပ်ဆောင်ချက်များ ပြုလုပ်ခဲ့ပြီးနောက် တစ်နှစ်အတွင်း တတိယအကြိမ်မြောက် သိမ်းယူခံရမှု ဖြစ်သည်။

အစိုးရကို ဝေဖန်မှုကြောင့် ခေတ္တထိန်းသိမ်းခံခဲ့ရသည့် သတင်းထောက် Timur Soykan က အစိုးရအနေဖြင့် သတင်းထောက်များကို တိတ်ဆိတ်သွားစေရန် ၎င်းတို့တတ်နိုင်သမျှ အရာအားလုံးကို လုပ်ဆောင်နေသော်လည်း မအောင်မြင်ကြောင်း ပြောကြားခဲ့သည်။

YouTube ချန်နယ်အသစ်တစ်ခုမှတစ်ဆင့် ဆက်လက်ထုတ်လွှင့်ရန် စီစဉ်နေကြသည့် Halk TV မှ သတင်းထောက်များကို ပြည်သူများအနေဖြင့် ဝန်းရံထောက်ခံပေးကြရန် Soykan က တိုက်တွန်းခဲ့သည်။

လွန်ခဲ့သည့် ဆယ်စုနှစ်တစ်ခုအတွင်း တူရကီနိုင်ငံ၌ သတင်းမီဒီယာ လွတ်လပ်ခွင့်သည် တရားစွဲဆိုခံရခြင်းများ၊ဒစ်ဂျစ်တယ်နည်းလမ်းဖြင့် ဆင်ဆာဖြတ်တောက်ခံရခြင်းများနှင့်အတုအပလုပ်ကြံ သတင်းများကို သတင်းထောက်များက ဖန်တီးနေခြင်များပြုလုပ်နေသည်ဟုစွပ်စွဲခြင်းများကို ရင်ဆိုင်ဖိအားပေးနေရသည်။

ပြီးခဲ့သည့် နှစ်လအတွင်း၌ပင် တူရကီနိုင်ငံသည် ဒေါ်လာဘီလီယံနှင့်ချီတန်သော ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေ အရှုပ်တော်ပုံတစ်ခုနှင့် ပတ်သက်၍ သတင်းဖော်ပြခဲ့သည့် သတင်းထောက်အများအပြားကို ဖမ်းဆီးခဲ့သည်။ အဆိုပါ သတင်းထောက်များအနက် အနည်းဆုံး နှစ်ဦးမှာ တရားရုံးတွင် အမှုမစစ်ဆေးရသေးမီ အချုပ်ခံထားရဆဲ ဖြစ်သည်။

မီဒီယာအခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းတစ်ခုဖြစ်သည့် MLSA ၏ အဆိုအရ လက်ရှိအချိန်တွင် တူရကီနိုင်ငံ၌ သတင်းထောက် ၂၅ ဦး ထောင်ချခံထားရကြောင်းလည်း သိရသည်။

၂၀၂၆ ခုနှစ်အတွက် နယ်စည်းမခြား သတင်းထောက်များအဖွဲ့ က ထုတ်ပြန်သည့် သတင်းလွတ်လပ်ခွင့် အညွှန်းကိန်းတွင် တူရကီနိုင်ငံသည် နိုင်ငံပေါင်း ၁၈၀ အနက် အဆင့် ၁၆၃ နေရာ၌ ရှိနေသည်။

Ref: AFP

မူရင်းသတင်း — Myanmar Transparency News