
သန့်ဇင် (NP News) - နိုဝင်ဘာ ၂၃
တရားမဝင် ဝင်ရောက်လာသူများအား ရခိုင်ပြည်နယ်အတွင်း ပြန်လည်နေရာချထားမည့် မည်သည့်အစီအစဉ် လုံးဝလက်မခံကြောင်း ရခိုင်ယူနိုက်တက်ဘောလုံးအသင်း (Rakhine United Football Club)က ယနေ့(နိုဝင်ဘာ ၂၃ ရက်) တွင် သတင်းထုတ်ပြန်ထားသည်။
အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) ၌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အပေါ် စွဲဆိုထားသည့် လူမျိုးတုန်းသတ်ဖြတ်မှုဆိုင်ရာ စွပ်စွဲချက်များသည် မြေပြင်ပကတိအခြေအနေနှင့် သမိုင်းကြောင်းဆိုင်ရာ အချက်အလက်မှန်များကို မျက်ကွယ်ပြုထားသည့် နိုင်ငံရေးအရ လှုံ့ဆော်စွပ်စွဲမှုများသာ ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
ထို့ကြောင့် ရခိုင်ယူနိုက်တက်ဘောလုံးအသင်း (Rakhine United Football Club) အနေဖြင့် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
ထို့ပြင် နိုင်ငံတကာဥပဒေနှင့် ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းပါ အချုပ်အခြာအာဏာ တန်းတူညီမျှမှုနှင့် ပြည်တွင်းရေး ဝင်ရောက်မစွက်ဖက်ရေး မူဝါဒများကို ချိုးဖောက်လျက်ရှိကြောင်းလည်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
အလားတူ တရားမဝင် ဝင်ရောက်လာသူ ဘင်္ဂါလီများအား "ရိုဟင်ဂျာ" ဟူသော သမိုင်းကြောင်းအရ တည်ရှိခြင်းမရှိသည့် အမည်နာမဖြင့် ပုံဖော်စွပ်စွဲနေမှုများကို ရခိုင်ယူနိုက်တက် ဘောလုံးအသင်းအနေဖြင့် ပြတ်သားစွာ ပယ်ချကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
ထို့အပြင် မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေများနှင့် သမိုင်းဆိုင်ရာ အချက်အလက်များကို ဆန့်ကျင်လျက်၊ တရားမဝင် ဝင်ရောက်လာသူများအား ရခိုင်ပြည်နယ်အတွင်း ပြန်လည်နေရာချထားမည့် မည်သည့်အစီအစဉ်နှင့် ဖိအားပေးမှုမျိုးကိုမဆို ရခိုင်ယူနိုက်တက် ဘောလုံးအသင်းအနေဖြင့် ခြွင်းချက်မရှိ လုံးဝ (လုံးဝ) လက်ခံနိုင်ခြင်း မရှိကြောင်းလည်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
ရခိုင်ပြည်နယ်နှင့် နိုင်ငံတော်တစ်ဝန်းလုံး၏ အချုပ်အခြာအာဏာ၊ နယ်မြေတည်တံ့ခိုင်မြဲရေးနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ၏ လုံခြုံအေးချမ်းမှုကို ထိပါးစေမည့် မည်သည့်လုပ်ရပ်ကိုမဆို ပြင်းထန်စွာ ရှုတ်ချပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့်အတူ ခိုင်မာစွာ တစ်သားတည်း ရပ်တည်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။