
Pika (NP News) - နိုဝင်ဘာ ၂၃
အမေရိကန်နိုင်ငံ၏ ကြားဝင်စေ့စပ်ပေးမှုဖြင့် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ရှိထားသော်လည်း ဂါဇာကမ်းမြောင်ဒေသအလယ်ပိုင်းတွင် တင့်ကားများ အသုံးပြုကာစတင်ခဲ့သော အစ္စရေးစစ်တပ်၏ မြေပြင်စစ်ဆင် ရေးမှာ ပြီးဆုံးသွားပြီဖြစ်ကြောင်း အစ္စရေးစစ်တပ်က ပြောကြားခဲ့သည်။
အစ္စရေးစစ်တပ်က “ဂါဇာကမ်းမြောင်ဒေသ အလယ်ပိုင်းမှာလုပ်ဆောင်နေတဲ့စစ်ဆင်ရေးတွေက ပြီးဆုံးသွားပါပြီ”ဟုပြောဆိုခဲ့သည်။ ထို့ပြင် Al-Bureij နှင့် Nuseirat ဒုက္ခသည်စခန်းများအနီးရှိ ပစ်မှတ်ထားခံရသည့် နေရာများတွင် ပါလက်စတိုင်းပြည်သူများအနေဖြင့် ယခင်ကကဲ့သို့ပင် လွတ်လပ်စွာသွားလာနိုင်ပြီဖြစ်ကြောင်း ပါလက်စတိုင်းနယ်မြေများအတွင်း အရပ်သားကိစ္စရပ်များကို တာဝန်ယူဆောင်ရွက်သည့် ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံအဖွဲ့အစည်း COGAT က ထုတ်ပြန်ပြောကြားခဲ့သည်။
COGAT က “အစ္စရေးစစ်တပ်ရဲ့လုပ်ဆောင်မှုတွေက ပြီးဆုံးသွားပြီဖြစ်ကြောင်းနဲ့ စစ်ပွဲ ဒဏ်ကြောင့်ပျက်စီးနေ တဲ့နယ်မြေရဲ့ အဓိကလမ်းမ ကြီးဖြစ်တဲ့ Salahal-Din လမ်းမကြီးကို ပြန်လည် ဖွင့်လှစ်ပေးလိုက်ပါပြီ”ဟုပြောဆိုခဲ့သည်။
သို့သော်လည်း (၂၀၂၅)ခုနှစ် အောက်တိုဘာလတွင်ရရှိခဲ့သော အပစ်အခတ်ရပ်စဲရေးသဘော တူညီချက်အရ အစ္စရေးစစ်တပ်ထိန်းချုပ်ရာနယ်မြေနှင့် ဟားမတ်စ်လက်နက်ကိုင်အဖွဲ့တို့ထိန်းချုပ်ရာ နယ်မြေတို့ကိုပိုင်းခြားထားသည့် အဝါရောင်မျဉ်းဟု ခေါ်သောမျဉ်းကြောင်းကိုကျော်လွန်ကာ ဂါဇာကမ်းမြောင်ဒေသအလယ်ပိုင်းရှိ ဟားမတ်စ် လက်နက်ကိုင်အဖွဲ့ထိန်းချုပ်ရာနေရာတစ်ခုတွင် စစ်ဆင်ရေးတစ်ခုကို စတင်ခဲ့ကြောင်း အစ္စရေးစစ်တပ်ကထုတ်ပြန်ပြောကြားခဲ့သည်။
ထို့ပြင် Nuseirat ဒုက္ခသည်စခန်း၏ အရှေ့ဘက်တွင် အစ္စရေးတင့်ကားများ နေရာယူထား သည်ကိုတွေ့မြင်ခဲ့ ရကြောင်း သတင်းများအရသိရသည်။ အစ္စရေးစစ်တပ်၏စစ်ဆင်ရေးအသစ်ကို အပစ်အခတ်ရပ်စဲရေးအားချိုး ဖောက်သည့်လုပ်ရပ်တစ်ခုအဖြစ် ဟားမတ်စ်လက်နက်ကိုင်အဖွဲ့က ပြစ်တင်ရှုတ်ချခဲ့ပြီး အစ္စရေးစစ်တပ်ဘက်ကမူ ယင်း စစ်ဆင်ရေးမှာ အဆိုပါ ဒေသတွင်းဟားမတ်စ်လက်နက်ကိုင်အဖွဲ့က အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို ချိုး ဖောက်မှုများလုပ်ဆောင်ခဲ့ခြင်းကြောင့် တုံ့ပြန်ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
