ဂျန်ဇက် (NP News) - နိုဝင်ဘာ ၂၂
မြန်မာနိုင်ငံကို ICJ ဆုံးဖြတ်ချက်ရှိပေမဲ့ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးကို ထိုင်းနိုင်ငံက ဖြတ်တောက်သွားမှာ မဟုတ်ပါဘူးလို့ ထိုင်းအစိုးရက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆတ်က နိုဝင်ဘာ ၂၀ ရက်မှာ ICJ ရဲ့ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး အဓိကအားဖြင့် အချက်သုံးချက်ပြောဆိုခဲ့ပြီးပထမအချက် ICJ အမှုဟာ မြန်မာနဲ့ ICJ ကြားက ကိစ္စဖြစ်တယ်လို့ ဆိုပါတယ်။ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက မြန်မာနဲ့ပြန်လည်ထိတွေ့ဆက်ဆံရေးကို ဆက်လုပ်မှာဖြစ်ပြီး မြန်မာနိုင်ငံနဲ့ တိုက်ရိုက်ဆက်ဆံမှုပြန်လည်တိုးမြှင့်တာဟာ ICJ ဆုံးဖြတ်ချက်ကို ဆန့်ကျင်တာ မဟုတ်ဘူးလို့ ဆိုပါတယ်။
ထိုင်းနိုင်ငံရဲ့ရည်ရွယ်ချက်က မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုတွေ လျှော့ချဖို့၊ သက်ဆိုင်ရာအဖွဲ့အားလုံးကြား ဆွေးနွေးညှိနှိုင်းမှုတွေဖြစ်ပေါ်လာဖို့နဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေပေးနိုင်ဖို့ဖြစ်တယ်လို့ ၄င်းက ဆိုပါတယ်။
ထိုင်းနိုင်ငံဟာ ဘင်္ဂါလီတွေအတွက် တစ်နှစ်ကို အမေရိကန်ဒေါ်လာ တစ်သန်းကျော် လူသားချင်းစာနာထောက်ထားမှုအကူအညီပေးနေပြီး အဲဒီအကူအညီတွေကိုလည်း ဆက်လက်ပေးသွားမယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဗီရာကူးလ်က နိုဝင်ဘာ (၂၁) ရက် နံနက် (၉) နာရီ (၅၀) မိနစ်ခန့်မှာ ဘန်ကောက်မြို့ရှိ အစိုးရအိမ်တော်မှာ သတင်းထောက်တွေရဲ့မေးမြန်းမှုကိုဖြေကြားခဲ့ရာ
၄င်းက "ICJ ရဲ့ဆုံးဖြတ်ချက် ဘယ်လိုပဲဖြစ်နေပါစေ။ ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံနဲ့ဆက်ဆံရေးကို ထိန်းသိမ်းထားရမယ်။နိုင်ငံတကာအဆင့်မှာ ဘယ်လိုတုံ့ပြန်မလဲဆိုတာ နိုင်ငံတစ်နိုင်ငံချင်းစီရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြစ်တယ်။ထိုင်းနိုင်ငံအနေနဲ့တော့ မိမိနိုင်ငံအတွက် အကျိုးအရှိဆုံးဖြစ်မယ့် ရပ်တည်ချက်ကို ရွေးချယ်ရမယ်" လို့ ပြောဆိုလ်ုက်ပါတယ်။