Kanbawza Tai News

ဒရုန်းတိုက်ခိုက်ခံရတဲ့ ရုရှားကုန်တင်သင်္ဘောကို ဖင်လန်ရေပိုင်နက်ကနေ ဆွဲယူနေ

၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်

ဘောလ်တစ်ပင်လယ်အတွင်း ဒရုန်းတိုက်ခိုက်ခံရပြီး မီးလောင်ခဲ့တဲ့ ရုရှားပိုင် ကုန်တင်သင်္ဘော Sparta II ကို နှစ်ရက်ကြာ မီးငြှိမ်းသတ်ပြီးနောက် နိုဝင်ဘာ ၂၂ ရက်မှာ ရုရှားကယ်ဆယ်ရေးသင်္ဘောက ဖင်လန် ရေပိုင်နက် အပြင်ဘက်ကို ပြန်လည်ဆွဲယူနေပြီလို့ ဖင်လန်ကမ်းခြေစောင့်တပ်ဖွဲ့က ပြောပါတယ်။

နိုဝင်ဘာ ၂၁ ရက်က Sparta II သင်္ဘောကို ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ယူကရိန်းရဲ့ လက်ချက်ဖြစ်နိုင်တယ်လို့ ဖင်လန်စစ်တပ်က ပြောပါတယ်။ တိုက်ခိုက်ခံရပြီးနောက် သင်္ဘောဟာ ဖင်လန်ရေပိုင်နက်အတွင်း မျောပါ ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။ သင်္ဘောပေါ်မှာ လိုက်ပါလာတဲ့ အမှုထမ်း ၁၆ ဦးကို အနီးအနားမှာရှိတဲ့ ရုရှား သင်္ဘောတစ်စင်းပေါ် ရွှေ့ပြောင်းပေးခဲ့ပြီး တစ်ဦးကတော့ ဒဏ်ရာအနည်းငယ်ရခဲ့ပါတယ်။

ဖင်လန်ကမ်းခြေစောင့်တပ်ဖွဲ့ရဲ့ ပြောကြားချက်အရ အပူတိုင်းကင်မရာတွေနဲ့ စစ်ဆေးရာမှာ သင်္ဘောပေါ်က ကုန် သေတ္တာအချို့မှာ အပူရှိနေသေးပေမဲ့ သင်္ဘောဟာ ဆွဲယူဖို့ လုံလောက်တဲ့ အခြေအနေရှိနေပြီလို့ သိရပါတယ်။ သင်္ဘောဟာ ဖင်လန်ရေပိုင်နက်ကနေ ထွက်ခွာသွားတာနဲ့ ကယ်ဆယ်ရေးတာဝန်ကို ရုရှားဘက်က လွှဲယူမှာ ဖြစ်ပါတယ်။

မီးလောင်နေတဲ့ သင်္ဘောကို ငြှိမ်းသတ်ဖို့နဲ့ ကုန်းပတ်ပေါ်မှာ တင်ထားတဲ့ ကုန်သေတ္တာတွေကို အအေးပေးဖို့ သင်္ဘော ၇ စင်းက ရေဖိအားပြင်းတဲ့ မီးသတ်ပိုက်တွေနဲ့ ပက်ဖျန်းကူညီခဲ့ပါတယ်။ အဲဒီသင်္ဘော ၇ စင်းထဲမှာ ရုရှားသင်္ဘော ၂ စင်း၊ အက်စ်တိုးနီးယားသင်္ဘော ၂ စင်းနဲ့ ဖင်လန်သင်္ဘော ၃ စင်း ပါဝင်ပါတယ်။ နိုင်ငံရေးအရ သဘောထားကွဲလွဲမှုတွေ ရှိနေ တဲ့ ရုရှား၊ ဖင်လန်နဲ့ အက်စ်တိုးနီးယား တို့အကြား ရှားရှားပါးပါး ပူးပေါင်းကူညီမှုတစ်ခုလည်း ဖြစ်ပါတယ်။

Sparta II ဟာ ရုရှားနိုင်ငံပိုင်နက်အတွင်းရှိ လင်နင်ဂရက်ဒေသကို ဦးတည်ခုတ်မောင်းလာတဲ့ သင်္ဘောဖြစ်ပြီး ရုရှားနိုင်ငံ ဂေါ့ဂ်လန်းကျွန်းရဲ့ အနောက်ဘက် နိုင်ငံတကာရေပိုင်နက်အတွင်းမှာ တိုက်ခိုက်ခံခဲ့ရတာလို့ ဖင်လန်ကာကွယ်ရေး တပ်ဖွဲ့က ပြောပါတယ်။ သင်္ဘောဟာ ရုရှားအလံလွှင့် ထူထားတဲ့ ၁၂၁ မီတာရှည် ကုန်တင်သင်္ဘောဖြစ်ပြီး ရုရှားသင်္ဘောကုမ္ပဏီ Oboronlogistika က ပိုင်ဆိုင်တာပါ။

အဲဒီကုမ္ပဏီဟာ ရုရှားကာကွယ်ရေးဝန်ကြီးဌာနအတွက် ထောက်ပံ့ပို့ဆောင်ရေး လုပ်ငန်းတွေ ဆောင်ရွက်ပေးနေပြီး သင်္ဘောကိုလည်း အမေရိကန်က ပိတ်ဆို့အရေးယူထားပါတယ်။

ဖင်လန်နဲ့ အက်စ်တိုးနီးယားတို့ဟာ နေတိုးအဖွဲ့ဝင်နိုင်ငံတွေဖြစ်ပြီး ယူကရိန်းကို အခိုင်အမာထောက်ခံ ထားကြသလို ရုရှားနဲ့လည်း အခြားကိစ္စရပ်တွေမှာ သဘောထားကွဲလွဲမှု တွေရှိနေပါတယ်။ ဖင်လန်ဟာ ၂၀၂၃ ခုနှစ်ကတည်းက ရုရှားနဲ့ နယ်စပ်ကုန်းလမ်းဝင်ပေါက်အားလုံးကို ပိတ်ထားပြီး အက်စ်တိုးနီးယား ကလည်း ဒီဇင်ဘာ ၁ ရက်ကစပြီး လုံခြုံရေးအကြောင်းပြချက်နဲ့ ရုရှားနယ်စပ်ကို ၆ လကြာ ပိတ်ထားဖို့ စီစဉ်ထားပါတယ်။

ယူကရိန်းရဲ့ စစ်ရေးဒရုန်းတွေဟာ ဒီနှစ်အတွင်း ရုရှားအနောက်မြောက်ပိုင်း လီနင်ဂရက်ဒေသကို အကြိမ်ကြိမ် ပျံသန်း တိုက်ခိုက်ခဲ့ပြီး ဒရုန်းအချို့ဟာ အနီးအနားရှိ ဘောလ်တစ်နိုင်ငံတွေရဲ့ လေပိုင်နက် အတွင်း ဝင်ရောက်ခဲ့တာကြောင့် စစ်ပွဲဟာ နေတိုးနယ်မြေအထိ ကူးစက်လာနိုင်တဲ့ စိုးရိမ်မှုတွေရှိ နေပါတယ်။ ဖင်လန်ရေပိုင်နက်အနီး ဖင်လန် ပင်လယ်ကွေ့မှာလည်း နောက်ထပ်တိုက်ခိုက်မှုတွေ ဖြစ်လာနိုင်တဲ့အန္တရာယ်ကို ပယ်ချလို့မရဘူးလို့ အက်စ်တိုးနီးယား ရေတပ်တပ်မှူး အိုင်ဗို ဗာ့ခ်က ပြောပါတယ်။

ဖင်လန်ကမ်းခြေစောင့်တပ်ဖွဲ့ရဲ့ ပင်လယ်ရေကြောင်းလုံခြုံရေးအရာရှိ ဂျူကာ-ပက်ကာ လူမီလာဟ်ကတော့ တနင်္ဂနွေ ညနဲ့ တနင်္လာနေ့မှာ မိုးရွာတာ၊ နှင်းရောမိုးရောကျတာနဲ့ လေပြင်း တိုက်တာတွေ ဖြစ်လာနိုင်တဲ့အတွက် သင်္ဘောကို ဆွဲယူရာမှာ ရာသီဥတုအခြေအနေကို စိုးရိမ်နေ တယ်လို့ ပြောပါတယ်။

Ref – Reuters

မူရင်းသတင်း — Kanbawza Tai News