Kanbawza Tai News

နမ့်စန်တွင် ၆၄ ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် လှည့်လည်ပွဲ ကျင်းပ

၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်

ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ်တွင် (၆၄)ကြိမ် မြောက် မြို့နယ်လုံးဆိုင်ရာ စုပေါင်းမဟာဘုံကထိန် လှည့်လည်ပွဲကို ယနေ့ နိုဝင်ဘာလ ၂၃ ရက်၊ နေ့လယ်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

စုပေါင်းမဟာဘုံကထိန်လှည့်လည်ရာတွင် ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ မြို့ပေါ်ရပ်ကွက်များ လူမှုရေးအသင်းအဖွဲ့များ အခြေခံပညာကျောင်းများလုပ်ငန်းရှင်များ ပုဂ္ဂလိကဘဏ်များ ယာဉ်လိုင်းများမှကထိန်ပဒေသာပင် ၁၀၀ ကျော် ပါဝင် လှည့်လည်ခဲ့ကြောင်း သိရသည်။

ကထိန်ပဒေသာပင်များကို အမှတ် (၄) ရပ်ကွက်၊ မြို့ဦးသီရိမင်္ဂလာကျောင်းတိုက်ရှေ့မှစတင်ကာ မြို့နယ်ခန်းမအထိ အိုးစည် ဒိုးပတ် တိုင်းရင်းသားရိုးရာအကအလှများဖြင့် တီးမှုတ်ကခုန်ကာ လှည့်လည်ခဲ့ကြကြောင်း သိရသည်။

စုပေါင်းမဟာဘုံကထိန် ပဒေသာပင်များကို မြို့နယ်ခန်းမတွင်ထားရှိကာ တန်ဆောင်မုန်းလပြည့် နေ့ နေ့လယ် ၁ နာရီတွင် မြို့နယ်ခန်းမအတွင်း၌ မြို့နယ်ရှိဘုန်းတော်ကြီးကျောင်းများမှ သံဃာတော်အရှင်သူမြတ်များပင့်ဖိတ်ကာ ရေစက်ချတရားနာ၍ အလှူရှင်များ က မိမိတို့ မဲပေါက်သော ဘုန်းကြီးကျောင်းများသို့ သွားရောက်ပို့ဆောင်ကာ လှူဒါန်းကြမည်ဖြစ်ကြောင်း သိရသည်။

မူရင်းသတင်း — Kanbawza Tai News