နေပြည်တော် နိုဝင်ဘာ ၂၂
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်အတွင်း တည်ထားပူဇော် အောင်မြင်ခဲ့သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွား ဆင်းတုတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတွင် တန်ဆောင်တိုင် မီးထွန်းပွဲတော်နှင့် မီးပုံးပျံလွှတ်တင်ပူဇော်ပွဲတော်ကို ယနေ့ညနေပိုင်းတွင် မာရဝိဇယ ဗုဒ္ဓဥယျာဉ်တော်အတွင်း၌ စည်ကားသိုက်မြိုက်စွာ စတင်ကျင်းပရာ ဝန်ထမ်းများ၊ ဒေသခံပြည်သူများ၊ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများဖြင့် အထူးစည်ကားလျက်ရှိသည်။
ယနေ့သည် တန်ဆောင်တိုင် ပွဲတော်ကြီး၏ပထမဆုံးနေ့ဖြစ်သော်လည်း ဘုရားမုခ်ဦး အပြင်ဘက်ရှိ ကားရပ်နားဝင်းများတွင် နေပြည်တော်ဒေသခံများအပြင် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာရောက်ကြသည့် မော်တော်ယာဉ်များဖြင့် အထူးများပြားလျက်ရှိရာ ဘုရားဖူးပြည်သူများ အဆင်ပြေချောမွေ့စွာ ဝင်ထွက်သွားလာနိုင်ရေးနှင့် ယာဉ်ကြောပိတ်ဆို့မှု မဖြစ်ပေါ်စေရေးအတွက် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များက ဘုရားအဝင်၊ အထွက်လမ်းကြောင်းများ၌ စနစ်တကျ ထိန်းသိမ်းဆောင်ရွက်ပေးလျက်ရှိပြီး ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်အတွင်း၌လည်း တန်ဆောင်တိုင်မီးထွန်းပွဲတော်တွင် ပါဝင်ဆင်နွှဲ ရန် ရောက်ရှိလာကြသည့် ဘုရားဖူးပြည်သူများဖြင့် အထူးစည်ကားလျက်ရှိသည်။
ထိုသို့ ပွဲတော်လာပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် စိတ်အေးချမ်းသာစွာ ဘုရားဖူးမြော်ကြည်ညို၍ ကုသိုလ်ယူနိုင်ရေးအတွက် တာဝန်ရှိသူများက ဘုရားမုခ်ဦးများရှေ့တွင် လုံခြုံရေးအရ လိုအပ်သည့်စစ်ဆေးမှုများကို စနစ်တကျ ဆောင်ရွက်ပေးပြီး သံဃာတော်များ၊ မသန်စွမ်းသူများနှင့် သက်ကြီးရွယ်အိုများ ဘုရားရင်ပြင်တော်သို့ အဆင်ပြေလွယ်ကူစွာ သွားလာနိုင်ရေးအတွက်လည်း ဝှီးချဲလ်များ၊ မော်တော်ယာဉ်ငယ်များဖြင့် စနစ်တကျ ပို့ဆောင်ပေးကြကာ ပွဲတော်အတွင်း ဆီမီးထွန်းညှိပူဇော်နိုင်မည့်နေရာများ၊ မီးပုံးပျံလွှတ်တင်ပူဇော်မည့် နေရာများ၊ မသိုးရွှေကြာသင်္ကန်းရက်လုပ်မည့်နေရာ၊ ဈေးပွဲတော်နေရာများနှင့် ဖျော်ဖြေရေးအစီအစဉ် နေရာများသို့ အလွယ်တကူရောက်ရှိနိုင်ရေး လမ်းညွှန်ပြသ စီစဉ်ဆောင်ရွက် ပေးမှုများဖြင့် ဘုရားဖူးလာပြည်သူများအနေဖြင့် စိတ်အေးချမ်းသာစွာ ပါဝင်ဆင်နွှဲကြသည်။
ထို့ပြင် တန်ဆောင်တိုင်မီးထွန်းပွဲတော်သို့ လာရောက်ကြသည့် ဘုရားဖူးလာရဟန်းရှင်လူ၊ ပြည်သူများသည် စိတ်အေးချမ်းသာစွာဖြင့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ပန်း၊ ရေချမ်းနှင့် ဆီမီး ကပ်လှူဖူးမြော်ကြည်ညိုကြပြီး ဘုရားရင်ပြင်တော်အတွင်း ဆီမီး ၃၆၀၀ ကပ်လှူပူဇော်ခြင်း၊ ပဋ္ဌာန်းဒေသနာတော် ရွတ်ဖတ်ပူဇော်ခြင်းနှင့် ဝတ်အသင်းအဖွဲ့များက ဝတ်ရွတ်စဉ်များဖြင့် ပူဇော်ခြင်း၊ မေတ္တာပို့သခြင်းတို့ဖြင့် ကုသိုလ်ယူပါဝင် ဆင်နွှဲကြရာ တရားဓမ္မအသံများဖြင့် ထုံမွမ်းလျက်ရှိသည်။
ပွဲတော်ကြီး၏ အနှစ်သာရဖြစ်သည့် မြတ်စွာဘုရားရှင်အား မီးပုံးပျံလွှတ်တင်ပူဇော်မည့် နေရာအသီးသီး၌လည်း ဘုရားဖူးလာပြည်သူများ ကြိုတင်စောင့်ဆိုင်းရောက်ရှိနေကြပြီး မီးပုံးပျံအောင်မြင်စွာ လွှတ်တင်နိုင်ရေးအတွက် တာဝန်ရှိသူများ ဆောင်ရွက်နေသည့် လုပ်ငန်းစဉ် အဆင့်ဆင့်ကိုလည်း အထူးစိတ်ဝင်တစား ကြည့်ရှုလေ့လာကြကာ မီးပုံးပျံလွှတ်တင်၍ မြတ်စွာဘုရားရှင်အား ပူဇော်မည့်အချိန်တွင် တိုင်းရင်းသားရိုးရာအကအလှများ၊ အိုးစည် ဒိုးပတ်၊ သံချပ်တီးလုံးများဖြင့် တွဲဖက်၍ ဘုရားဝင်းအတွင်း သတ်မှတ်နေရာများအလိုက် မီးရှူး၊ မီးပန်းများ ပစ်ဖောက်ပူဇော်ခြင်းနှင့် မီးပုံးပျံအသေးများ၊ ညမီးကြီးနှင့် စိန်နားပန်မီးပုံးပျံကြီးများအား ကောင်းကင်ယံထက်သို့ အောင်မြင်စွာ လွှတ်တင်ပူဇော်ကြရာ ဘုရားဖူးလာပြည်သူများ၏ ကြည်နူးပီတိ လက်ခုပ်သံများဖြင့် နေပြည်တော်တန်ဆောင်မုန်းလ၏ ညအလှကို ပိုမိုပေါ်လွင်စေခဲ့သည့်အပြင် တေးသံရှင်များ၏ တန်ဆောင်တိုင်ပွဲတော်ကာလကို ဖော်ကျူးရေးဖွဲ့ထားသည့် တေးသီချင်းများ သီဆိုဖျော်ဖြေမှုကြောင့်လည်း ပွဲတော်ကြီးကို ပိုမိုပြည့်စုံစေခဲ့သည်။
ယနေ့ညတွင် ဝန်ကြီးဌာနအလိုက် မီးပုံးပျံလွှတ်တင်ယှဉ်ပြိုင်ပွဲများအဖြစ် စိန်နားပန်မီးပုံးပျံ လွှတ်တင်ပူဇော်ပြိုင်ပွဲတွင် သာသနာရေးဝန်ကြီးဌာနက “မြတ်ရောင်ခြည်”၊ အမျိုးသား စီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနက “စီမံစီးပွား ပြည့်အင်အား”၊ နိုင်ငံခြားရေးဝန်ကြီးဌာနက “သားကောင်းတမန်”၊ လူငယ်ရေးရာဝန်ကြီးဌာနက “လူငယ့် အားမာန်” နှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနက “သိပ္ပံနှင့်နည်းပညာ” စသည့် မီးပုံးပျံအမည်တို့ဖြင့် အောင်မြင်စွာ လွှတ်တင်နိုင်မှုနှင့်အတူ သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် ဝန်ထမ်းများနှင့် ပြည်သူများကလည်း သတ်မှတ်နေရာများ၌ မီးပုံးပျံငယ်များကို ပြိုင်တူလွှတ်တင်ခဲ့ကြသည်၊၊
အလားတူ ညမီးကြီးမီးပုံးပျံ လွှတ်တင်ပူဇော်ပြိုင်ပွဲတွင် ကာကွယ်ရေးဝန်ကြီးဌာနက “အောင်တံခွန်”၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနက “တိုးတက်မောင်”၊ စက်မှုနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနက “စက်မှုအားမာန်”၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနက “ပြည်လုံးချမ်းသာ” နှင့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက “ပဘာဝတီ” စသည့်မီးပုံးပျံ အမည်များဖြင့် အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ကြသည်။
ထိုသို့ မီးပုံများလွှတ်တင်ပူဇော် ယှဉ်ပြိုင်နေစဉ်အတွင်း သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် ဝန်ထမ်းများနှင့် ပြည်သူများကလည်း ရှမ်းရိုးရာအကအလှများ၊ အိုးစည် ဒိုးပတ်တီးခတ်မှုများ၊ သံချပ်တီးလုံးများ၊ မြန်မာ့ရိုးရာဆင်အကများ၊ ဆီမီးခွက်ကိုင်ဆောင်ပူဇော်ခြင်းများနှင့်အတူ တန်ဆောင်တိုင်ပွဲတော်ကာလကို ဖော်ကျူးရေးဖွဲ့ထားသည့် တေးသံသာများကြောင့်လည်း တန်ဆောင်တိုင်ည အလှကို ပိုမိုအသက်ဝင်စေခဲ့သည်။
ထို့ပြင် ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်အတွင်း၌လည်း LED မီးများဖြင့် အလှဆင်ပူဇော်ထားရှိသည့်အတွက် ခမ်းနားထည်ဝါစွာ တည်ထားပူဇော်ထားသည့် ဘုရား၊ စေတီ၊ ပုထိုးများ၏ သပ္ပာယ်မှုများနှင့် အံ့မခန်းဗိသုကာလက်ရာများကိုလည်း လာရောက်ကြသည့် ဘုရားဖူးလာပြည်သူများ တစ်နှစ်တွင်တစ်ကြိမ်သာ ကြုံတွေ့ရမည့် တန်ဆောင်တိုင်မီးထွန်းပွဲတော်နှင့် ယှဉ်တွဲ၍ ဖူးမြော်ကြည်ညိုလေ့လာနိုင်ခဲ့ကြသည်။
ဆက်လက်၍ ကျောက်စာရုံစေတီတော်၊ မုစလိန္ဒကန်၊ နဂါးရုံဘုရားများ၊ ဂန္ဓကုဋိတိုက်များ၊ သုဓမ္မာဇရပ်များ၊ မာရဝိဇယကျောင်းတော်နှင့် အဂ္ဂါဓိပတိ သာသနာ့ဗိမာန်တော်ကြီးသို့ သွားရောက်ဖူးမြော် ကြည်ညိုလေ့လာကြသည့် ဘုရားဖူးလာပြည်သူများနှင့် ရေပန်းရင်ပြင်နှင့် ရေပန်းဝိုင်းအကြီး၊ ရေပန်းဝိုင်းအသေးနေရာများ၌ မိသားစုလိုက်သော်လည်းကောင်း၊ မိတ်ဆွေသူငယ်ချင်း အစုအဖွဲ့လိုက်သော်လည်းကောင်း ပျော်ရွှင်စွာ အမှတ်တရဓာတ်ပုံရိုက်ကြသည့် ဘုရားဖူးလာပြည်သူများဖြင့်လည်း အထူးစည်ကားလျက်ရှိသည်။
၂၀၂၆ ခုနှစ် စတုတ္ထအကြိမ်မြောက် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား မသိုးရွှေကြာသင်္ကန်း ရက်လုပ်ပူဇော်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာ ၂၃ ရက် ညနေပိုင်းတွင် မာရဝိဇယဗုဒ္ဓဥယျာဉ် ရေပန်းရင်ပြင်တော်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ပြီး ဖွင့်ပွဲအပြီးတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် ကိုယ်စားပြုအဖွဲ့ ရက်ကန်းစင် ၁၅ စင်ဖြင့် သတ်မှတ် နေရာအသီးသီးတွင် မြိုင်မြိုင်ဆိုင်ဆိုင် ယှဉ်ပြိုင်သွားကြမည်ဖြစ်ကြောင်း သိရသည်။
တန်ဆောင်တိုင်မီးထွန်းပွဲတော် လာပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် ကုသိုလ်ကောင်းမှု ပြုလုပ်ကြပြီး ပွဲတော်ကိုဆင်နွှဲနိုင်ရေးအတွက်လည်း တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းတို့က ဘုရားပရိဝုဏ်အတွင်း စနစ်တကျ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးသည့်အပြင် ဘုရားဖူးလာပြည်သူများ ကျန်းမာရေးတစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ရန်အတွက်လည်း ကျန်းမာရေးစောင့်ရှောက် မှုဆေးခန်းများ ဖွင့်လှစ်ထားရှိသည်ကိုလည်း တွေ့မြင်ရသည်။
ထို့ပြင် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်ပွဲတော်ကို မီးထွန်းပွဲတော်၊ မီးပုံးပျံလွှတ်တင်ပူဇော်ပြိုင်ပွဲ၊ မသိုးသင်္ကန်းရက်လုပ်ပူဇော်ပြိုင်ပွဲ၊ တေးဂီတနှင့် ဇာတ်သဘင် ဖျော်ဖြေပွဲ၊ ဈေးရောင်းပွဲတော်တို့သို့ ဘုရားဖူးပြည်သူများ လာရောက်ရာတွင် အဆင်ပြေစေရန်အတွက် နေပြည်တော် စည်ပင်သာယာရေးကော်မတီမှ ပွဲတော်ကာလအတွင်း အခမဲ့အဖြစ် သတ်မှတ်စုရပ်များမှ EV Bus နှင့် တော်ဝင်ယာဉ်လိုင်းမှ မော်တော်ယာဉ်များဖြင့် အသွားအပြန် ပြေးဆွဲပေးလျက်ရှိသည်။
မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်ပွဲတော်ကို မီးထွန်းပွဲတော်၊ မီးပုံးပျံလွှတ်တင်ပူဇော်ပွဲတော်၊ မသိုးသင်္ကန်းရက်လုပ်ပူဇော်ပွဲတော်များနှင့်အတူ တေးဂီတနှင့် ဇာတ်သဘင်ဖျော်ဖြေပွဲ၊ ဈေးရောင်းပွဲတော်တို့ဖြင့် နိုဝင်ဘာ ၂၂ ရက်မှ ၂၄ ရက်အထိ သုံးရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည့်အတွက် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွားဆင်းတုတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုရင်း တန်ဆောင်တိုင်ည၏ အလှနှင့်ရသကို အပြည့်အဝ ခံစားနိုင်မည်ဖြစ်ကြောင်းလည်း သိရှိရသည်။
သတင်း - ဟိန်းမင်းစိုး၊ ကျော်စွာဝင်း
ဓာတ်ပုံ - အေးအောင်