

ရန်ကုန်၊ နိုဝင်ဘာလ ၂၃
အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ်ပါတီ၊ ပြည်သူ့အလုပ်သမားပါတီ၊ ဒီမိုကရက်တစ်ပါတီ အပါအဝင် မဟာမိတ်နိုင်ငံရေးပါတီ (၈)ပါတီ က ICJ တရားရုံးအနေဖြင့် ပဂတိမြေပြင်အခြေအနေနှင့် အမှန်တရားတို့ပေါ်တွင် အခြေခံဆုံးဖြတ် ခဲ့ခြင်းမရှိသောကြောင့် ICJ တရားရုံး အမိန့်ချမှတ်မှုအား ပြင်းထန်စွာကန့်ကွက်ကြောင်း သဘောထားထုတ်ပြန်ထားသည်။
၎င်းတို့၏ ထုန်ပြန်ချက်တွင် -
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ (၁၈) ရက်နေ့ (၈၁) ကြိမ်မြောက်ကုလသမဂ္ဂအထွေထွေညီလာခံလက် အောက်ရှိ လူမှုရေး၊ လူသားချင်းစာနာထောက်ထားမှုနှင့်ယဉ်ကျေးမှုဆိုင်ရာကော်မတီ (တတိယ ကော်မတီ)တွင် မြန်မာ နိုင်ငံလူ့အခွင့်အရေးနှင့် ပတ်သက်သည့် ဆုံးဖြတ်ချက်အဆို (A/C.3 / 81/ L.42/ Rev.1)အား ... ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်ကို ကျွန်ုပ်တို့ တရားဝင်နိုင်ငံရေးပါတီ (၈) ပါတီမှ ထောက်ခံအပ်ပါသည်။
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ (၁၉) ရက်နေ့တွင် (ICJ)တရားရုံးအနေဖြင့် မိမိတို့နိုင်ငံကို ရိုဟင်ဂျာ လူမျိုးများအား လူမျိုးတုန်းသတ်ဖြတ်ခဲ့မှုဆိုင်ရာ အပြီးသတ်စီရင်ချက် ချမှတ်ခဲ့သည်ကိုတွေ့ရှိရပါသည်။ ကျွန်ုပ်တို့ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် မူရင်းတိုင်းရင်းသား (၁၃၅) မျိုးသာ အတိအကျရှိပြီး ရိုဟင်ဂျာဆိုသောလူမျိုးဟူ၍ ကျွန်ုပ်တို့မြန်မာ့သမိုင်းတွင် မရှိခဲ့ပါ။ ဂမ်ဘီယာနိုင်ငံ၏ တရားစွဲဆိုမှုမှ စတင်ဖြစ်ပေါ်လာသော ထိုအရေးတွင် ပထဝီအနေအထားအရသော်လည်းကောင်း၊ သမိုင်းကြောင်းအရ သော်လည်းကောင်း မည်သို့မျှဆက်ဆံမှုမရှိပါဘဲ ကျွန်ုပ်တို့နိုင်ငံအား တရားစွဲဆိုပါသော ဂမ်ဘီယာ နိုင်ငံသည် ကျွန်ုပ်တို့မြန်မာနိုင်ငံအကြောင်းမည်သို့မျှသိနိုင်မည်မဟုတ်ပါ။
(၂၀၁၆-၂၀၁၇) ခုနှစ်တွင် ရခိုင်ပြည်နယ်အတွင်း (ARSA) အကြမ်းဖက်အဖွဲ့များ ဝင်ရောက် ကျူးကျော် မှုကို မြန်မာ့လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ဥပဒေအတိုင်းရှင်းလင်းဆောင်ရွက်ခဲ့မှုသာဖြစ်ပြီး လူမျိုးတုန်းသတ်ဖြတ်ရန် ရည်ရွယ်ချက်လုံးဝမရှိခဲ့ကြောင်းနှင့် ဥပဒေနှင့်မညီညွတ်ခဲ့မှုတစ်ချို့ ဆောင်ရွက် ခဲ့သူတို့အားလည်း အပြစ်ပေးအရေးယူခဲ့ပြီးဖြစ်ကြောင်းကို အစိုးရ၏ရှင်းလင်းတင်ပြခဲ့မှုများကြောင့် အထင်အရှားသိရှိတွေ့မြင် ခဲ့ရပြီးဖြစ်ပါသည်။
ICJ တရားရုံးအနေဖြင့် ပဂတိမြေပြင်အခြေအနေနှင့် အမှန်တရားတို့ပေါ်တွင် အခြေခံဆုံးဖြတ် ခဲ့ခြင်းမရှိဘဲ ကျွန်ုပ်တို့အချုပ်အချာအား ကာကွယ်မှုကို လျစ်လျူရှု၍ ဆုံးဖြတ်မှုသည် ကျွန်ုပ်တို့နိုင်ငံ၏ ဖက်ဒရယ်ဒီမိုကရေစီလမ်းကြောင်းလျှောက်လှမ်းနေမှုအပေါ် နိုင်ငံတကာမှ နိုင်ငံရေးဖိအားများ ဖြစ်ပေါ် လာစေရန် ရည်ရွယ်လုပ်ဆောင်သည်ဟု ကျွန်ုပ်တို့ပါတီများ ရှုမြင်ကြသည့်အတွက် ၎င်း ICJ တရားရုံး အမိန့်ချမှတ်မှုအား ပြင်းထန်စွာကန့်ကွက်ပါကြောင်း. သဘောတူမျှစွာဖြင့် တစ်ညီတစ်ညွတ်တည်း သဘောထားထုတ်ပြန်ထားသည်။
အဆိုပါ ထုတ်ပြန်ချက်ကို အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ်ပါတီ၊ ပြည်သူ့အလုပ်သမားပါတီ၊ ဒီမိုကရက်တစ်ပါတီ၊ ဒီမိုကရက်တစ်အင်အားစုလေဘာပါတီ၊ အမျိုးသားနိုင်ငံရေးအားမာန်သစ်ပါတီ၊ မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီ၊ အမျိုးသားဒီမိုကရေစီပါတီသစ်ပါတီ တို့က ပူးတွဲထုတ်ပြန်ထားခြင်း ဖြစ်သည်။
#Myanmar #News